close

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် သတ်ဖြတ်ထားသည့် ဒေသခံရုပ်အလောင်းအချို့ တွေ့ရှိ

စစ်ကောင်စီက သတ်ဖြတ်ပြီးထားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သရက်ပင်စုကျေးရွာသားတဦးကို ရုပ်အလောင်းကို နိုဝင်ဘာ ၂၈ ရက် မနက်က တွေ့ရှိခဲ့တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

ခင်ဦးနယ်အတွင်း ခင်ဦး-ရေဦး လမ်းပိုင်း ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ထားခဲ့တာလို့ ဆိုပါတယ်။

ခင်ဦးဒေသခံတဦးက “သူတို့ရှိနေလို့ ရွာသားတွေက အကုန်ထွက်ပြေးနေကြရတာဆိုတော့ သူတို့မရှိတော့မှ ရွာထဲ ပြန်ဝင်တော့မှ အခုလို သတ်ထားခဲ့တဲ့အလောင်းကို တွေ့ရတာဗျ။ အသက်က ၂၅ နှစ်၊ အမည်က ကိုကျော်ခိုင်ဦးလို့ ခေါ်တယ်ဗျ၊ အရပ်သားပြည်သူပါ။ ပြီးခဲ့တဲ့ ၂၆ ရက်နေ့က အဲဒီရွာမှာ စစ်ကောင်စီတပ်နဲ့ ရွာသစ်ကုန်း ပျူစောထီးတွေနဲ့ တပ်စွဲပြီး အခုလို သတ်ထားခဲ့ကြတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်ကလည်း စစ်ကောင်စီတပ်က မြင်းဒေါင်းကျေးရွာက ကျေးလက် ကျန်းမာရေးဆေးခန်းနဲ့ ဈေးတန်းအဆောင် ၂၀ ကျော် ရွာမြောက်ပိုင်းက နေအိမ် ၅ လုံးကို မီးရှို့ခဲ့ပြီး ဒေသခံအမျိုးသား ၃ ဦးကိုလည်း ရိုက်နှက်သတ်ဖြတ်ကာ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲဒီအလောင်းတွေကတော့ မနေ့ နိုဝင်ဘာ ၂၇ ရက်နေ့က သူတို့ ရွာထဲကနေထွက်ပြီး ရွာရှင်းလင်းရေးလုပ်ရင်းနဲ့ တွေ့ခဲ့ရတာ။ အသက် ၄၅ နှစ်အရွယ် ကိုဇော်ကို ရိုက်နှက် သတ်ဖြတ်ခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ကိုနေစိုးနဲ့ အသက် ၅၅ နှစ်အရွယ် ဦးတင်ဝင်းမြင့်တို့ကို  မီးရှို့သတ်ဖြတ်ခဲ့သေးတယ်။”

စစ်ကောင်စီက ရွာသားတွေကို သတ်ဖြတ်ထားခဲ့တဲ့ သက်ရက်ပင်းစု၊ မြင်းဒေါင်းကျေးရွာတွေဟာ ရေဦး-ခင်ဦး လမ်းဘေးမှာ တည်ရှိတဲ့ ကျေးရွာတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up