close

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂၆ ဦးထက်မနည်းသေဆုံးပြီး ၁၁၁ ဦး ဒဏ်ရာရဟု အေအေပြော

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ၁ လကျော်အတွင်းမှာ ပြည်သူ ၂၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၁၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA က ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် ဒီနေ့ ပြုလုပ်တဲ့ ULA/AA ရဲ့ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားလိုက်တာပါ။

ရခိုင်နဲ့ ပလက်ဝဒေသတွေက တကျော့ပြန်တိုက်ပွဲတွေမှာ စက်တင်ဘာ ၂၀ ရက်ကနေ နိုဝင်ဘာ ၂၇ ရက်အထိ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ၃ ခုပြောင်းပြီး ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၁၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်က ဒီးမော့ဆို၊ ကရင်ပြည်နယ်က တပ်မဟာ ၆ နယ်မြေ၊ ကချင်ပြည်နယ်က အနမ့်ပါမှာလည်း ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသလို ရခိုင်ပြည်နယ်အတွင်းမှာလည်း အစုလိုက်အပြုံလိုက် သေဆုံးမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

ULA/AA အနေနဲ့ သေဆုံး ဒဏ်ရာရရှိသွားတဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး နိုင်ငံတကာအနေနဲ့ စစ်ရာဇဝတ်မှုတွေကို အဓိကစောင့်ကြည့်ဖို့ လိုအပ်သလို အပြစ်ရှိတဲ့သူတွေကိုလည်း အပြစ်ပေးနိုင်ဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားပြီး ပြည်သူတွေ စပါးရိတ်သိမ်းချိန် ဖြစ်တာကြောင့် နိုဝင်ဘာ ၂၆ ရက်နေ့ကစလို့ ကြားခံတွေကနေတဆင့် နှစ်ဖက် အလွတ်သဘောဆွေးနွေးပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့တယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ခိုင်သုခက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up