ဂိုးသွင်းနိုင်တာထက် ဘရာဇီးအသင်း နိုင်ပွဲရဖို့ ပိုအရေးကြီးကြောင်း ကတ်စမီရို ပြော

ဂိုးသွင်းနိုင်တာထက် အသင်းနိုင်ပွဲရရှိဖို့ ပိုအရေးကြီးတယ်လို့ ဘရာဇီးကွင်းလယ်လူ ကတ်စမီရိုက ပြောကြားလိုက်ပါတယ်။
ကတ်စမီရိုဟာ ဆွစ်ဇာလန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပွဲချိန် ၈၃ မိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာပါ။
ပွဲအပြီး အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့တဲ့ ကတ်စမီရိုကတော့ သူ့ရဲ့ သွင်းဂိုးထက်စာရင် အသင်းအနိုင်ရဖို့က ပိုပြီးအရေးကြီးကြောင်း ပြောသွားတာပါ။
ကတ်စမီရိုက “ကျနော် ဂိုးသွင်းနိုင်ခဲ့ပေမယ့် အရေးကြီးဆုံးက အသင်းကို ကူညီနိုင်ဖို့ပါပဲ။ ကျနော်တို့နိုင်ရင် အတူတူနိုင်မယ်။ ရှုံးရင်လည်း အတူတူရှုံးမယ်။ ဒီစိတ်ဓာတ်က ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဘရာဇီးလက်ရွေးစင်အသင်းဆိုတဲ့အောက်မှာ ကျနော်တို့ဟာ အစုအဖွဲ့တခု အနေနဲ့ စည်းလုံးမှုရှိရမှာဖြစ်ပြီး ဒါက ဆုဖလားရဖို့ အရေးအကြီးဆုံးအချက်ဖြစ်တယ်” လို့ ပြောပါတယ်။
ဘရာဇီးအသင်းဟာ ၂ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာကြောင့် လက်ကျန်တပွဲလိုသေးပေမဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။