ကိုဗစ်-၁၉ ထိန်းချုပ်ရေး အကျင့်ပျက်ခြစားမှုတားဆီးရန် အထူးလုပ်ငန်းအဖွဲ့များ တရုတ် ဖွဲ့စည်း

တရုတ်နိုင်ငံတဝန်းက ဒေသတွေမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွင်း အကျင့်ပျက် ခြစားမှုတွေကို တားဆီးဖို့ အထူးလုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ အမျိုးသားရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗျူရိုမှ တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပြောပါတယ်။
ဗျူရိုရဲ့ အမှတ် ၁ ကြီးကြပ်ရေးဌာန ဒါရိုက်တာ ချင်ယုဟန်က တရုတ်နိုင်ငံဟာ ပြင်းထန်တဲ့ ကိုဗစ်-၁၉ တကျော့ပြန် ကူးစက်မှုကို ရင်ဆိုင်နေရတယ်လို့ မြို့တော် ပေကျင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ယေဘုယျအားဖြင့် ကပ်ရောဂါဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်ပြီး အမြန်ပျံ့နှံ့လေ့ရှိတယ်။ တချို့နေရာတွေမှာ ပြန်ကူးစက်နိုင်ခြေ ကြီးမားပြီး တချို့နေရာမှာတော့ သုံးနှစ်အတွင်း အရှုပ်ထွေးဆုံးနဲ့ ပြင်းထန်တဲ့ အခြေအနေတွေကို ကြုံတွေ့နေရတယ်” လို့ ချင်က ပြောပါတယ်။
လူတွေရဲ့ လတ်တလော တိုင်ကြားချက်တွေဟာ ကပ်ရောဂါထိန်းချုပ်မှုကို ဆန့်ကျင်တာ မဟုတ်ပေမဲ့ ထိန်းချုပ်မှုအစီအမံတွေကို ပြီးစလွယ်လုပ်တာ၊ ထိန်းချုပ်ဧရိယာတွေကို မလိုအပ်ဘဲ တမင်တကာ တိုးချဲ့တာ၊ ကာကွယ်ရေးအစီအမံတွေ အဆင့်မြှင့်တင်တာနဲ့ နှစ်ရှည်လများ အသွားအလာ ပိတ်ဆို့ကန့်သတ်တာ ဒါမှမဟုတ် တချို့နေရာတွေမှာ ခွင့်ပြုချက်မရှိဘဲ ချိပ်ပိတ်တာတွေကို အာရုံစိုက်ထားတယ်လို့ ချင်က ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အရှိန်မြှင့် ထိုးနှံပေးဖို့ စီစဉ်နေပြီး အချိန်မီ ထုတ်ပြန်ပေးမယ်လို့ အမျိုးသားကျန်းမာရေးဗျူရိုရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ညွှန်ကြားရေးမှူး ရှားဂံက နိုဝင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
နိုင်ငံခြားကာကွယ်ဆေးတွေ ရနိုင်မလား။ ကာကွယ်ဆေးကို ဘယ်လို အရှိန်မြှင့်မလဲ ဆိုတာကို သူက အမျိုးသားကျန်းမာရေးကော်မရှင် (NHC)ရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အတိအကျ မပြောခဲ့ပါဘူး။
ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရေး အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်တွေကြောင့် တရုတ်နိုင်ငံ အနောက်ဘက်၊ ရှင်းကျန်းပြည်နယ်မှာ နိုဝင်ဘာ ၂၄ ရက်က မီးလောင်မှုအတွင်း လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။
လူထု မကျေနပ်ချက်တွေ အုံကြွလာလို့ တရုတ်နိုင်ငံတလွှားက မြို့ကြီးတွေမှာ လူထုဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပြီး စတော့ရှယ်ယာဈေးလည်း ကျဆင်းသွားပါတယ်။