ရွှေဆိုင်လုယက်ပြီး တာချီလိတ်ဘက် ထွက်ပြေးသွားသူကို ဖမ်းဆီးရန် ထိုင်းရဲ ဆုငွေထုတ်

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့က ရွှေဆိုင်တစ်ဆိုင်မှာ ရွှေဆွဲကြိုး လုယူသွားတဲ့ ထိုင်းအမျိုးသားတယောက် မြန်မာဘက်ခြမ်း တာချီလိတ်ဘက် ထွက်ပြေးတိမ်းရှောင်သွားလို့ သူ့ကိုဖမ်းမိအောင် ကူညီသတင်းပေးသူတွေကို ဘတ်ငွေ ၅၀၀၀၀ ဆုချမယ်လို့ Maesaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၂၆ ရက် ညနေ ၃ နာရီမိနစ် ၂၀ လောက်က မယ်ဆိုင်မြို့ ဆေရီဖန်းရွှေဆိုင်မှာ တီရှပ်အနက်၊ ဂျင်းဘောင်းဘီ ဘွတ်ဖိနပ်အဖြူရောင်ဝတ်ဆင်ထားသူ အမျိုးသား ၁ ဦး ရွှေဝယ်သူအသွင်နဲ့ ဝင်လာကြောင်း၊ အလေးချိန် ၅ ဘတ် (၄ ကျပ်သားကျော်ခန့်) ရွှေဆွဲကြိုး ၁ ကုံးကိုတောင်းကြည့်ကာ ဆွဲကြိုးနဲ့အတူ ဆိုင်ထဲက ရုတ်တရက်ထွက်သွားပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါရွှေဆွဲကြိုးဟာ ကာလတန်ဖိုး ဘတ် ၁၅၃၅၀၀ ရှိပြီး ဆိုင်ရှင်က ရဲတပ်ဖွဲ့ကို တိုင်ကြားထားကာ ရဲတပ်ဖွဲ့က စီစီကင်မရာတွေကနေ စစ်ဆေးသလိုနဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေလည်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
နယ်စပ်လုံခြုံရေးတပ်ဖွဲ့က အဲဒီနေ့မှာ အမျိုးသား ၁ ဦးဟာ မယ်ဆိုင်မြို့ မိုင်းဒဲန်းနေရပ်ကွက်ရှိ မယ်ဆိုင်ချောင်းစပ်ကနေ တာချီလိတ်ကို ကူးခတ်သွားတာ အဝေးကနေ လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။
အထောက်အထားစုဆောင်းချက်အရ အဆိုပါအမျိုးသားဟာ ရွှေဆိုင်က လုယက်သူ အသက် ၃၄ နှစ်ရွယ်ရှိ နိုင်းဆေရီမာ့ဆိုင် ဆိုသူဖြစ်ကြောင်း၊ သူဟာ ကျန်ထပူရီဇာတိဖြစ်ပြီး မယ်ဆိုင်မှာ လာနေတာလို့ ဆိုပါတယ်။
သူ့ကိုဖမ်းဆီးရမိဖို့အတွက် ထိုင်းမြန်မာနယ်ခြားကော်မတီ TBC နဲ့ BLO အဖွဲ့အစည်းထံ အကူအညီတောင်းထားပြီး ဖမ်းဆီးရမိအောင် ကူညီသတင်းပေးနိုင်သူကိုလည်း ဘတ်ငွေ ၅၀၀၀၀ ဆုချမယ်လို့ မယ်ဆိုင်ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
ကိုးကား - Maesaipress