close

မြောက်ကာရိုလိုင်းနားရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ၂ ခု ပစ်ခတ်တိုက်ခိုက်ခံရ

အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ အခုသီတင်းပတ်ကုန်က လျှပ်စစ်ဓာတ်အားခွဲရုံနှစ်ခုကို သေနတ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရိုင်တစ်ခုလုံးနီးပါး မှောင်မည်းသွားခဲ့ရပြီး ဒါဟာ “ခြိမ်းခြောက်မှုအဆင့်သစ်” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွိုင်းကူးပါးက ဒီဇင်ဘာ ၅ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။

မိုးရ်ကောင်တီရှိ စာသင်ကျောင်းတွေကို အင်္ဂါနေ့မှာလည်း ဒုတိယရက်အဖြစ် ပိတ်ထားဦးမှာဖြစ်ပြီး စနေနေ့က ပစ်ခတ်မှုအပြီး အေးခဲနေတဲ့ ညအပူချိန်တွေကြားမှာ အိမ်ထောင်စု ၃၈,၀၀၀ လျှပ်စစ်မီး ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကို စုံစမ်းစစ်ဆေးနေတဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်သားတွေဟာ ဂိတ်တံခါးတွေ ကျိုးပျက်နေပြီး သေနတ်ပစ်ခတ်မှုကြောင့် မိုးရ်ကောင်တီရှိ ဓာတ်အားခွဲရုံနှစ်ရုံက စက်ပစ္စည်းတွေ ပျက်စီးနေတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ပါတယ်။

FBI နဲ့ အမေရိကန် စွမ်းအင်ဌာနတို့ အပါအဝင် ဖက်ဒရယ် အေဂျင်စီတွေဟာ ပစ်ခတ်မှုတွေကို ဒေသဆိုင်ရာနဲ့ ပြည်နယ်တရားဥပဒေစိုးမိုးရေး ဌာနတွေနဲ့အတူ စုံစမ်းစစ်ဆေးနေပါတယ်။

အခုချိန်အထိ ဘာအကြောင်းရင်းကိုမှ ထုတ်ဖော်ပြောကြားတာ၊ ဖမ်းဆီးအရေးယူတာ မရှိသေးကြောင်း သိရပါတယ်။

အာဏာပိုင်တွေက သေနတ်ပစ်ခတ်မှုကြောင့် ပျက်စီးသွားကြောင်းကိုသာ ထုတ်ပြောထားပြီး အတွင်းကျကျ စုံစမ်းစစ်ဆေးမှု အသေးစိတ်ကိုတော့ ထိန်းသိမ်းထားပါတယ်။

ဒါပေမဲ့ တနင်္လာနေ့မှာ မိုးရ်ကောင်တီ ရဲအရာရှိ ရွန်နီ ဖီးလ်စ်က တိုက်ခိုက်မှုကို ကြိုးကိုင်သူ ဘယ်သူဖြစ်ဖြစ် ဓာတ်အားခွဲရုံတွေကို ဘယ်လိုပျက်စီးအောင် လုပ်ဆောင်ရမယ်ဆိုတာကို သိရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပစ်ခတ်မှုအပြီး ဓာတ်အားပြတ်တောက်သွားသူ စုစုပေါင်း ၄၅,၀၀၀ ထဲက သုံးစွဲသူ ၇,၀၀၀ လောက်ကို တနင်္လာနေ့မွန်းလွဲပိုင်းမှာ လျှပ်စစ်ဓာတ်အား ပြန်ပေးနိုင်ခဲ့ကြောင်း ဒေသလျှပ်စစ်ဓာတ်အားပေးရေးဌာန Duke Energy DUK.N က ပြောပါတယ်။

မိုးရ်ကောင်တီမှာ လုပ်ငန်းလုပ်ဆောင်နေတဲ့ ကုမ္ပဏီ အားလုံးနီးပါး ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ် ဘရွတ်ခ်စ်က တနင်္လာနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဓာတ်အားခွဲရုံနှစ်ခုရဲ့ ပျက်စီးမှုဟာ ကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့ အစိတ်အပိုင်းတွေနဲ့ ပြုပြင်မှုတွေ လိုအပ်နေတာကြောင့် သုံးစွဲသူအများစုအတွက် ဗုဒ္ဓဟူးနေ့ သို့မဟုတ် ကြာသပတေးနေ့အထိ လျှပ်စစ်မီး ပြတ်သွားနိုင်ဖွယ်ရှိနေကြောင်း ဘရွတ်ခ်စ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up