ဘရာဇီးကို ကြောက်ရွံ့နေမည်မဟုတ်ဟု ခရိုအေးရှား နည်းပြဒါလစ်ပြော

ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမယ့် ဘရာဇီးအသင်းကို ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ခရိုအေးရှားနည်းပြ ဒါလစ်ကပြောပါတယ်။
ခရိုအေးရှားအသင်းဟာ ဂျပန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကျော်ဖြတ်လာခဲ့တာဖြစ်ပြီး တောင်ကိုရီးယားကို အနိုင်ယူခဲ့တဲ့ ဘရာဇီးနဲ့ ဒီဇင်ဘာ ၉ ရက်၊ သောကြာ နေ့မှာ ယှဉ်ပြိုင်သွားရမှာပါ။
ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားမှာ အတောင့်တင်းဆုံးနဲ့ အကောင်းဆုံးအသင်းဆိုတာ သိပေမယ့် ကြောက်ရွံ့နေမှာမဟုတ်ကြောင်းနဲ့ ယုံကြည်မှုအပြည့်နဲ့ အခွင့်အရေး ကောင်းတွေကို ရှာဖွေပြီး ဘရာဇီးလိုအသင်းနဲ့ ပွဲစဉ်ကို စိတ်ပျော်ရွှင်စွာနဲ့ ကစားသွားမှာဖြစ်ကြောင်း နည်းပြဒါလစ်က ပြော ပါတယ်။
ဒါ့အပြင် ဘရာဇီးအသင်းကို စိန်ခေါ်နိုင်တယ်လို့ ယုံကြည်ပြီး နောက်တစ်ဆင့်တက်ဖို့ ၅၀- ၅၀ အခြေအနေမဟုတ်ပေမယ့် အနိုင်ယူဖို့ မဖြစ်နိုင်တဲ့အသင်းလည်းမဟုတ်ကြောင်း နည်းပြ ဒါလစ်က ပြောသွားပါတယ်။