ဂရိတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူ ၃၅ ဦးထက်မနည်း ဖမ်းဆီးခံရ

ဂရိနိုင်ငံမှာ ဆယ်ကျော်သက်တဦး ရဲတွေရဲ့ အသတ်ခံရမှု ၁၄ နှစ်မြောက် အထိမ်းအမှတ် ဆန္ဒပြပွဲတွေအတွင်း ဒီဇင်ဘာ ၆ ရက်က ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အေသင်မြို့တော်နဲ့ နိုင်ငံမြောက်ပိုင်းရှိ သယ်စလိုနီကီမြို့တွေမှာ လူ ၃၅ ဦးထက်မနည်း ဖမ်းဆီးခံရ ပါတယ်။
ဂရိနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး အဓိကရုဏ်းတွေ ဖြစ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က အသက် ၁၅ နှစ်အရွယ် အလက်ဇန်းဒရို့စ် ဂရီဂိုရိုပူလို့စ် သေဆုံးခဲ့ရတဲ့ နှစ်ပတ်လည်နေ့မှာ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်တဲ့ အထိမ်းအမှတ်အဖြစ် မြို့နှစ်မြို့လုံးမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဆယ်ကျော်သက်လူငယ်လေး အပစ်ခံရပြီးတဲ့နောက် နာရီပိုင်းအတွင်း လူထောင်ပေါင်းများစွာက ကားတွေကို မီးရှို့၊ လုယက်ပြီး ဈေးဆိုင်တွေကို ရိုက်ခွဲခဲ့ပါတယ်။
ပစ်သတ်ခဲ့တဲ့ ရဲအရာရှိကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပေမဲ့ အယူခံတရားရုံးက အစောပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာပါ။
မြို့နှစ်မြို့လုံးမှာ ဆန္ဒပြသူတွေက ဓာတ်ဆီပုလင်းဗုံးတွေနဲ့ မီးပန်းတွေ ပစ်ပေါက်ပြီး ဆန္ဒပြပွဲတွေကို စောင့်ကြပ်နေတဲ့ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
သယ်ဆာလိုနီကီမြို့က ရောမ လူ့အဖွဲ့အစည်းဝင် အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတဦး ပစ်ခတ်ခံရလို့ ခေါင်းမှာ ဒဏ်ရာရတဲ့အတွက် ဆေးရုံမှာ ကုသခံနေချိန် ဆန္ဒပြပွဲတွေဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။
ဆန္ဒပြသူတွေက လယ်ထွန်စက်ကို မီးရှို့တာ အပါအဝင် လမ်းတွေပေါ်မှာ အတားအဆီးတွေ တပ်ဆင်ပြီး မီးရှို့ခဲ့ကြပါတယ်။
ယောက်ျားလေးက ဓာတ်ငွေ့ဖိုးမပေးဘဲ ဓာတ်ဆီဆိုင်ကနေ မောင်းထွက်သွားတယ်လို့ ရဲတွေက စွပ်စွဲခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လိုက်ဖမ်းရင်း ကလေးငယ်မှာ ကျည်ဆန်ဒဏ်ရာ ရရှိခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲအရာရှိတဦးကို ဖမ်းဆီးထားပါတယ်။