အယ်လ်ဂျာဇီးယားသတင်းထောက် ပစ်သတ်ခံရသည့်အမှု အိုင်စီစီသို့တင်သွင်း

အနောက်ဘက်ကမ်းဒေသထဲမှာ အစ္စရေးရဲ့ စီးနင်းမှုအတွင်း မေလက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ ပါလက်စတိုင်း-အမေရိကန် သတင်းထောက် ရှီရင်းန် အဘူအက်ကလက်ရဲ့ အမှုကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ဆီ တင်သွင်းခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။
အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းကွန်ရက်ရဲ့ ဥပဒေရေးရာအဖွဲ့က စုံစမ်းစစ်ဆေးအပြီးမှာ ခုလိုတင်သွင်းခဲ့တာလို့ အယ်လ်ဂျာဇီးယားက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
အဘူအက်ကလက် သတ်ဖြတ်ခံရမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်သူတွေကို အိုင်စီစီက ဖော်ထုတ်ရမယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနရဲ့ ရှေ့နေ ရော့ဒ်နေ ဒစ်ကဆင် ကေစီက အင်္ဂါနေ့မှာ နယ်သာလန်နိုင်ငံ သဟိတ်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“အိုင်စီစီဥပဒေ၊ ဂျီနီဗာသဘောတူညီချက်တွေနဲ့ ထပ်လောင်း လုပ်ထုံးလုပ်နည်း ကျင့်ဝတ်တွေအရ အနည်းဆုံးတော့ ကွပ်ကဲသူတွေ၊ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးဖို့ လိုအပ်တယ်” လို့ ဒစ်ကဆင်က ပြောပါတယ်။
အဘူအက်ကလက် သေဆုံးမှု အခြေအနေတွေကို အငြင်းပွားနေကြဆဲပါ။ အဘူအက်ကလက်ကို အစ္စရေးတပ်ဖွဲ့တွေက တမင်တကာ သတ်ဖြတ်ခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေနဲ့ အဘူအက်ကလက်ရဲ့ မိသားစုတွေက ယုံကြည်ကြပြီး သူရပ်နေတဲ့နေရာတဝိုက်မှာ စစ်သွေးကြွတွေ ရှိနေတယ်ဆိုတဲ့ အစ္စရေးရဲ့ ထုတ်ပြန်ချက်တွေကို ပယ်ချခဲ့ပါတယ်။
သူ့ကို အစ္စရေးစစ်သားတဦးက မရည်ရွယ်ဘဲ ပစ်သတ်ခဲ့တာ ဖြစ်နိုင်ပေမဲ့ ပါလက်စတိုင်းရဲ့ ပစ်ခတ်မှုကြောင့်လည်း ထိမှန်နိုင်တယ်လို့ အစ္စရေးစစ်တပ်က စက်တင်ဘာလတုန်းက ပြောခဲ့ပါတယ်။