close

ဒီးမော့ဆိုတိုက်ပွဲတွင် KNDF ရဲဘော် ၁ ဦး ကျဆုံး

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း KNDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း-၆ က ဒီဇင်ဘာ ၇ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၆ မှ ရဲဘော်ပေတရု ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့က သေးဆူလဲကျေးရွာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တာလို့ သိရပါတယ်။

သူ့ရဲ့ ဈာပနကို ဒီဇင်ဘာ ၃ ရက်နေ့က ရဲဘော်ရဲ့ မိဘတွေရှိတဲ့ မွေးရပ်ဇာတိမြေမှာ ရိုးရာဓလေ့အတိုင်း ပြုလုပ်ပေးခဲ့တယ်လို့ KNDF တပ်ရင်း-၆ က ပြောပါတယ်။

အလားတူ ဖရူဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းနင်းမိဒဏ်ရာရထားတဲ့ KNDF တပ်ရင်း-၄ မှ ရဲဘော်ဂျေးရုမ်းဟာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အဆက်မပြတ် ထပ်မံပစ်ခတ်မှုကြောင့် ကျဆုံးသွားတယ်လို့ သိရပါတယ်။

KNDF တပ်ရင်း-၄ ဟာ အဖွဲ့စတင်ဖွဲ့စည်းချိန်ကစပြီး တိုက်ပွဲတိုင်းမှာ အကျအဆုံးမရှိ အောင်ပွဲဆင်နိုင်ခဲ့ပြီး ရဲဘော်ဂျေရုမ်းဟာ KNDF တပ်ရင်း-၄ ရဲ့ ပထမဆုံး ကျဆုံးရဲဘော် ဖြစ်ပါတယ်။

ကရင်နီဒေသမှာ  စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀  ရက်အထိ တိုက်ပွဲပေါင်း ၅၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း KNDF၊ PDF၊ KA မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၄ ဦး ကျဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up