close

တရုတ်ဘက်က လော့ဒေါင်းပယ်ဖျက်မှုကြောင့် မူဆယ် ဖရဲ သခွားဈေးကွက် ပြန်အသက်ဝင်

တရုတ်နိုင်ငံကို မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကတဆင့် မြန်မာ့ဖရဲသီးတွေ တင်ပို့ရောင်းချလေ့ရှိပေမဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် တရုတ်ဘက်ကမြို့တွေမှာ ကူးသန်းသွားလာခွင့် ကန့်သတ်ချက် (လော့ဒေါင်း) မကြာခဏ ပြုလုပ်နေတာကြောင့်   တရုတ်ဝယ်လက်ကုန်သည်တွေ နယ်စပ်ဈေးကွက်ကို အဝယ်မလာရောက်နိုင်ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မူဆယ်စျေးကွက် ဖရဲသီးစျေးနှုန်းတွေ ကျဆင်းနေခဲ့ပါတယ်။

အခုအခါ တရုတ်ဘက်က မြို့တွေမှာ လော့ဒေါင်းကန့်သတ်ချက်ကို ပြန်ဖြေလျှော့လိုက်တဲ့ အတွက် တရုတ်ကုန်သည်ဝယ်လက်တွေလည်း နယ်စပ် ဖရဲ၊ သခွား စျေးကွက်ကို လာရောက်မှုများလာပြီး စျေးကွက် ပြန်လည်အသက်ဝင်လာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က “ဖရဲ သခွားတွေ များများစားကြတော့မယ်။ သူ့ဘက်က လမ်းကြောင်းဖွင့်သလို ကိုယ့်ဘက်လည်း ကိုဗစ်အလွန် ကုန်သွယ်မှုအတွက် ပြင်ဆင်သင့်ပြီ။ SOP-Standard Operating Procedure စနစ် ကုန်သွယ်မှုတွေကို Upgrade လုပ်ဖို့အချိန်ရောက်ပါပြီ။ သမင်မွေးရင်း ကျားစားရင်းနဲ့ လုံးပါးပါးမသွားဖို့ Transport Charged လျှော့ချဖို့လိုပါပြီ။ ဖရဲ-သခွားဈေးလေးတွေ နားထောင်ကောင်းသလောက် သပိတ်ဝင်အိတ်ဝင်ဖို့တော့ လိုတယ်ပေါ့နော်” လို့ မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံဘက်က ဖရဲ၊ သခွားသီးနှံတွေ တရုတ်နိုင်ငံဘက် တင်ပို့ရာမှာ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်နေသလို အခုနှစ်က စိုက်ပျိုးစရိတ်မှာလည်း အရင်နှစ်တွေထက် သုံးဆလောက် ပိုမိုကုန်ကျခဲ့တာဖြစ်လို့ အခု မူဆယ်သစ်သီးဝလံ စျေးကွက် အသက်ပြန်ဝင်လာချိန်မှာ စျေးကောင်းရဖို့ ဖရဲစိုက်တောင်သူတွေနဲ့ ကုန်သည်တွေက မျှော်မှန်းထားကြတာပါ။

လတ်တလောမှာ တရုတ်နိုင်ငံကို တင်ပို့ရောင်းချဖို့အတွက် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို ဖရဲ၊ သခွား ကားအစီးရေ ၁၀၀ ဝန်းကျင် ဝင်ရောက်နေတာကြောင့် ဈေးနှုန်း အနည်းငယ်အေးနေသေးတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

ပုံမှန်နှစ်တွေမှာ နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလလယ်ပိုင်းအထိက ဖရဲစျေးကွက် အမြင့်ဆုံးအချိန်ဖြစ်ပြီး တကီလိုကို ၆ ယွမ်ကနေ ၇ ယွမ်ထိ စျေးကောင်းရရှိခဲ့ပေမဲ့ အခုနှစ်မှာ မကြာခဏချနေတဲ့ တရုတ်နိုင်ငံရဲ့ လော့ဒေါင်းကန့်သတ်ချက်ကြောင့် ဝယ်လက် အရောက်အပေါက် နည်းနေသေးပြီး ဈေးကွက်ကျဆင်းနေတာဖြစ်တယ်လို့ ကုန်သည်တဦးက ပြောပါတယ်။

လော့ဒေါင်းကန့်သတ်ချက်တွေ ရှိနေသေးတဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က ဖရဲတကီလိုကို ၁ ဒသမ ၅ ယွမ်နဲ့ ၂ ယွမ်ကြားသာ ရှိခဲ့တယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။

အရင်က တရုတ်နိုင်ငံကို ဖရဲ၊ သခွားသီးနှံ တနှစ်ကို တန်ချိန် တသန်းဝန်းကျင်ထိ ပုံမှန်တင်ပို့မှု ရှိခဲ့ပေမဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ တင်းကျပ်တဲ့ မူဝါဒတွေကြောင့် တစတစ လျော့နည်းကျဆင်းလာခဲ့ရာ အခုနှစ်မှာ တန်ချိန်တသိန်းဝန်းကျင်ခန့်သာ တင်ပို့နိုင်လိမ့်မယ်လို့ စျေးကွက် စောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။

အခုနှစ်မှာ မရေရာတဲ့ တရုတ်စျေးကွက်နဲ့ သုံးဆလောက် မြင့်တက်လာတဲ့ သွင်းအားစု စျေးတွေကြောင့် ဖရဲစိုက်တောင်သူအများစုက စိုက်ဧကတွေ လျှော့ချခဲ့ကြပြီး  တပိုင်တနိုင်သာ စွန့်စား စိုက်ပျိုးခဲ့ကြပါတယ်။ ဒါ့အပြင် နယ်မြေမတည်ငြိမ်မှုတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသတချို့မှာ ဖရဲစိုက်ပျိုးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် အခုနှစ် ဖရဲအထွက်နှုန်း ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိမယ်လို့ အဲဒီအသိုင်းအဝိုင်းက ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up