close

ပေါက်မြို့နယ် ကူးကားရွာကို စစ်တပ်က မီးရှို့၊ အိမ်ခြေ ၅၀ ကျော် မီးလောင်ကျွမ်း

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကူးကားကျေးရွာကို ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီလောက်မှာ စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကူးကားကျေးရွာ ဒေသခံတယောက်က“စစ်(...)၊ ပျူ(...) အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းဟာ ကျနော်တို့ရွာက ဘုရားကုန်းပေါ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ ဘုရားကုန်းပေါ်မှာ ၃ ညအိပ် တပ်စွဲခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း ခိုးယူသွားကြတယ်။”လို့ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်လာလို့ အိမ်ခြေ ၁၀၀ ကျော်ရှိ ရွာသူရွာသားတွေအားလုံး ဘေးလွတ်ရာ တောထဲတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်း ၂ ကြောင်းခွဲကာ ပေါက်မြို့နယ် မြောက်ပိုင်းကို နိုဝင်ဘာ ၁၉ ရက်နေ့ကဝင်ရောက်ခဲ့ပြီး တောင်ပိုင်းကို ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့လို့ ကျေးရွာ ၁၇ ရွာက အိမ်ခြေ ၁,၅၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၁၆,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up