close

လက်မထပ်ဘဲ ပေါင်းသင်းလျှင် ပြစ်မှုမြောက်သည့် ဥပဒေသစ် ပြည်ပခရီးသွားများအပေါ် မသက်ရောက်ဟု အင်ဒိုနီးရှားပြော

အင်ဒိုနီးရှားနိုင်ငံတွင်း အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ လက်မထပ်ရသေးဘဲ ပေါင်းသင်းနေထိုင်ရင် ပြစ်မှုမြောက်တဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေသစ်ဟာ ပြည်ပခရီးသွားတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှား ဥပဒေနဲ့ လူအခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးက ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

လက်မထပ်ခင် လိင်ဆက်ဆံခြင်းနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတို့ကို တားဆီးဖို့ ပြန်လည်စီစဉ် အတည်ပြုလိုက်တဲ့ ဒီဥပဒေဟာ ပြည်ပခရီးသွားတွေကို တရားခံဖြစ်စေမှာ မဟုတ်သလို ကမ္ဘာ့အကြီးဆုံး မွတ်ဆလင်နိုင်ငံမှာ အထူးအဆန်းမဟုတ်တဲ့ ဝင်ရောက်ဖမ်းဆီးမှုတွေနဲ့ စောင့်ကြည့်မှုတွေကနေလည်း အကာအကွယ်တောင် ပေးနိုင်တယ်လို့ ဒုဝန်ကြီး အက်ဒီ ဟီရာရိဂျ်က ဆိုပါတယ်။

ဘာလီမြို့တော်ဝန် ဝါယန် ကော့စ်စတာရဲ့ ထုတ်ပြန်ချက်ထဲမှာ အင်ဒိုနီးရှား ခရီးသွားလုပ်ငန်းရဲ့ ဗဟိုချက်ဖြစ်တဲ့ ဘာလီကျွန်းကို လာရောက်လည်ပတ်သူတွေ ဒီဥပဒေနဲ့ ပတ်သက်လို့ စိတ်ချလက်ချ နေထိုင်နိုင်ကြောင်း အာမခံခဲ့ပါတယ်။

ဘာလီအစိုးရကလည်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဟိုတယ်တွေ၊ ဗီလာတွေ၊ တိုက်ခန်းတွေ၊ တည်းခိုခန်းတွေ၊ တည်းခိုရာအိမ်တွေနဲ့ Spa တွေမှာ တည်းခိုဖို့ နာမည်စာရင်းသွင်း ဝင်ရောက်တဲ့အခါ အိမ်ထောင်ရေးနဲ့သက်ဆိုင်တဲ့ အထောက်အထားကို စစ်ဆေးမှာ မဟုတ်ဘူးလို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်က လက်မထပ်ရသေးတဲ့ စုံတွဲတွေအကြား အတူနေခွင့်ကို တားမြစ်ထားတဲ့ ဒီအငြင်းပွားဖွယ်ရာ ဥပဒေကြမ်းကို ပြီးခဲ့တဲ့အပတ်ကမှ အတည်ပြုလိုက်တာပါ။

အများကြီး ပြင်ဆင်ဖို့ လိုအပ်နေတယ်ဆိုတဲ့ ဒတ်ချ်ကိုလိုနီအုပ်ချုပ်မှု အငွေ့အသက်တွေ ပါဝင်နေတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို ဆယ်စုနှစ်များစွာအတွင်း ပြင်ဆင်ရင်း ဒီဥပဒေ အတည်ပြုနိုင်ခဲ့တဲ့အပေါ် အင်ဒိုနီးရှား ဥပဒေပြုအမတ်တွေက ချီးကျူးခဲ့ကြပါတယ်။

ကမ္ဘာ့အကြီးဆုံး မွတ်ဆလင်နိုင်ငံမှာ “အင်ဒိုနီးရှားရဲ့ စံတန်ဖိုးတွေ” ထိန်းသိမ်းဖို့ ရည်ရွယ်တာသာ ဖြစ်တယ်လို့လည်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up