close

ရဟတ်ယာဉ်အမှုအတွက်သက်သေ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို စစ်ဆေး

ရဟတ်ယာဉ်အမှုနဲ့ပတ်သက်ပြီး သက်သေအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူကို ဒီဇင်ဘာ ၂၃ ရက်ဒီကနေ့ နေပြည်တော်အချုပ်ထောင်ရှိ အထူးသီးသန့်တရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ဒီကနေ့ရုံးထုတ်ခဲ့ပြီး စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦး၀င်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးပြီးဖြစ်လို့ တရားခံပြသက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

“ဒီနေ့ ခံပြသက်သေအဖြစ် အရင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူကို စစ်တယ်။ ငါးမှု လုံးပြီးတယ်။ မနေ့က ခံပြအနေနဲ့ စစ်တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒီနေ့မလာဘူး”လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

ဒီရဟတ်ယာဉ်အမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီပဲ ဆောင်ရွက်ဖို့ ညွန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

မနေ့က တရားရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့  ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကလည်း  ဒီရဟတ်ယာဉ်၀ယ်ယူတဲ့လုပ်ငန်းစဉ်တွေမှာ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီပဲ ဆောင်ရွက်ထားတယ်လို့ ထွက်ဆိုသွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံး ပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော် သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ  ၅၅ နဲ့  တရားစွဲထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီ စွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း၂၆ နှစ် ရှိပြီဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အမိန့်ချပြီးသား အမှုတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံမှာ အယူခံတင်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up