ခရစ်ပ်တိုငွေကြေး ကုမ္ပဏီ FTX တည်ထောင်သူကို ဘဟားမားရဲတပ်ဖွဲ့ ဖမ်းဆီး

ဘဟားမားအခြေစိုက် ခရစ်ပ်တိုငွေကြေးလဲလှယ်တာလုပ်ငန်းလုပ်နေတဲ့ FTX ခရစ်ပ်တိုငွေကြေး ကုမ္ပဏီရဲ့ တည်ထောင်သူတဦးဖြစ်တဲ့ ဆမ်ဘန့်က်မန်းဖှရိုက်ဒ်ကို အမေရိကန် အစိုးရရှေ့နေတွေက ရာဇဝတ်မှုနဲ့ စွဲချက်တင်လိုက်ပြီးနောက်မှာ ဘဟားမားကျွန်း တော်ဝင်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
FTX ကုမ္ပဏီဟာ လတ်တလောမှာ ဒေဝါလီခံရပြီး တရားဝင်မှုမရှိတော့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
ဘန့်က်မန်းဖှရိုက်ဒ်ကို စွဲဆိုထားတဲ့ တရားဝင်စွဲချက် အတည်ပြုမှုတွေ ရရှိပြီးနောက် ဖမ်းဆီးခဲ့ပြီး သူ့ကို အမေရိကန်ဆီ လွှဲပြောင်းပေးမယ်လို့ မျှော်လင့်ကြောင်းလည်း ဘဟားမားရှေ့နေချုပ်ရုံးက ပြောပါတယ်။
မန်ဟက်တန်ရှိ အမေရိကန်ရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဘန့်က်မန်း ဖှရိုက်ဒ်ကိုဖမ်းဆီးထားကြောင်း အတည်ပြုခဲ့ပေမဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဘန့်က်မန်း ဖှရိုက်ဒ်ရဲ့ရှေ့နေ မာ့ခ် ကိုဟင်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
ကမ္ဘာ့အကြီးဆုံး ခရစ်ပ်တို ဒစ်ဂျစ်တယ်ငွေကြေး ဖလှယ်မှုတွေ လုပ်ခဲ့တဲ့ FTX ကုမ္ပဏီဟာ ကုန်သည်တွေက ၃ ရက်အတွင်း သူ့ပလက်ဖောင်းကနေ ဒေါ်လာ ၆ ဘီလီယံကို ထုတ်ယူခဲ့ပြီးတော့ သူ့ရဲ့ပြိုင်ဘက် ခရစ်ပ်တိုငွေကြေး အရောင်းအဝယ်လုပ်တဲ့ အွန်လိုင်း ငွေလဲလှယ်ရေးလုပ်ငန်း Binance ကလည်း ကယ်ဆယ်ရေးသဘောတူညီချက်ကို စွန့်လွှတ်ခဲ့ပြီးနောက်မှာ နိုဝင်ဘာ ၁၁ ရက်က ဒေဝါလီခံမှု ကာကွယ်ရေးအတွက် အမှုတိုင်ကြားခဲ့တာပါ။
အဲဒီနောက် ဘန့်က်မန်းဖှရိုက်ဒ်ဟာ FTX ဖောက်သည် ရန်ပုံငွေ ဒေါ်လာ ၁၀ ဘီလီယံကို သူပူးတွဲတည်ထောင်ထားတဲ့ Alameda ခရစ်ပ်တိုငွေကြေးလုပ်ငန်းကို လျှို့ဝှက်လွှဲပြောင်းပေးလိုက်ပြီး အဲဒီနောက်ပိုင်း ငွေသားပြောင်းလဲမှု ငွေဖြစ်လွယ်ခြင်းမှာ အကျပ်အတည်း ဖြစ်လာခဲ့ကြောင်း ဒီကိစ္စနဲ့နီးစပ်သူ ၂ ဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဖောက်သည်တွေရဲ့ ရန်ပုံငွေ အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံ ပျောက်ကွယ်သွားတယ်လို့ လူတွေက ပြောပါတယ်။
ဘန့်က်မန်း ဖှရိုက်ဒ်ဟာ ဒေဝါလီခံမယ့်လျှောက်လွှာ တင်တဲ့နေ့မှာပဲ FTX ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။