ရုရှားသမ္မတဟောင်းနှင့် တရုတ်သမ္မတတို့ ယူကရိန်းပဋိပက္ခအရေး ဆွေးနွေး

ရုရှားသမ္မတဟောင်း လက်ရှိ ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဒမစ်ထရီ မက်ဗီဒက်ဗ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်မြို့တော် ပေကျင်းမှာ ဒီဇင်ဘာ ၂၁ ရက်က တွေ့ဆုံခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားကြား အကန့်အသတ်မဲ့ ဗျူဟာမြောက် မိတ်ဘက်အရေးကိစ္စနဲ့ ယူကရိန်းပဋိပက္ခအတွက် ဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။
အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောပေမဲ့ ဆွေးနွေးပွဲက အလုပ်ဖြစ်ခဲ့တယ်လို့လည်း သူကပြောပါတယ်။
မက်ဗီဒက်ဗ်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ကြိုတင်မကြေညာခဲ့ပါဘူး။ မက်ဗီဒက်ဗ်ဟာ ရှီနဲ့အတူ ဆွေးနွေးနေပုံနဲ့ တရုတ်နဲ့ ရုရှားအရာရှိတွေ အစည်းအဝေးလုပ်နေပုံ ရုပ်သံကို သူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ထုတ်လွှင့်ခဲ့ပါတယ်။
တရုတ်နဲ့ ရုရှား လက်ရှိ အာဏာရပါတီ နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ဖို့၊ စီးပွားရေးနဲ့ စက်မှုထုတ်လုပ်ရေး အပါအဝင် ဗျူဟာမြောက် မိတ်ဘက်ဖြစ်တည်မှု ဘောင်အတွင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်၊ ယူကရိန်းပဋိပက္ခ အပါအဝင် နိုင်ငံတကာ အရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ မက်ဗီဒက်ဗ်က ပြောပါတယ်။
ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးလို့ ရုရှားကခေါ်တဲ့ ကျူးကျော်စစ်အတွက် ဒဏ်ခတ်ဖို့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူခံထားရတဲ့ ရုရှားဟာ တရုတ်အပေါ် မှီတွယ်မှု အရှိန်မြှင့်နေပါတယ်။
အနောက်အုပ်စုဆန့်ကျင်ရေး ညွန့်ပေါင်းအဖြစ် အလားအလာရှိတဲ့ မဟာမိတ်အနေနဲ့ ရှီကို ရှုမြင်ပြီး အနောက်နဲ့ဆက်ဆံရေး ဆုံးရှုံးမှုကို ထေမိဖို့ တရုတ်နဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ပိုနီးကပ်စေရေး ရုရှားက ကြိုးစားနေတယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။