မွေထိုင်းချန်ပီယံဆုရှင် ကယန်းကျားသစ်မယ် ဘရော်နီကာကို NUG အစိုးရ ဂုဏ်ပြု

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ “Thai Fight 100 years Nakornban” မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးပို့လိုက်ပါတယ်။
ဘရော်နီကာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ ကျင်းပခဲ့တဲ့ ထိုင်းဘုရင့်ဖလားချန်ပီယံ မွေထိုင်းဗိုလ်လုပွဲမှာ ပြိုင်ဘက်ဖြစ်တဲ့ ဂရိနိုင်ငံသူ ဖာနီပယ်လောင်ပီကို တတိယအချီမှာ အလဲထိုး အနိုင်ယူခဲ့ပြီး ထိုင်းဘုရင့် ဖလားကို ရရှိသွားခဲ့ကာ Thai Fight King Of Muay Thai ပြိုင်ပွဲ၊ အမျိုးသမီး ဘင်တန်ဝိတ်တန်း (၅၃ ကီလို) ချန်ပီယံ ဖြစ်လာခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ် ဘရော်နီကာဟာ လက်ရှိပွဲစဉ်အပါအဝင်ဆိုရင် ပွဲပေါင်း ၃၇ ပွဲ ကစားခဲ့ပြီး ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲ ၁၈ ပွဲ၊ ရှုံးပွဲ ၂ ပွဲနဲ့ သရေ ၁၇ ပွဲ ရှိခဲ့ပါတယ်။ သူဟာ ပြိုင်ပွဲ ၈ ပွဲ မြောက်အဖြစ် ယှဉ်ပြိုင် ထိုးသတ်ခဲ့တာဖြစ်ပြီး ၈ ပွဲစလုံးအနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။
အခုလိုဂုဏ်ပြုပေးတဲ့ NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို ကျေးဇူးအများကြီးတင်တဲ့ အကြောင်း ဘရော်နီကာက သူ့ရဲ့လူမှုကွန်ရက်ကနေ သတင်းစကားပါးထားပါတယ်။
ဘရော်နီကာဟာ ONE Championship အဖွဲ့အစည်းရဲ့ MMA ပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်ထိုးသတ်နိုင်ဖို့လည်း ကြိုးစားနေပြီး လတ်တလောမှာတော့ ပွဲကို လာရောက်ကြည့်ရှုကြတဲ့သူတွေအနေနဲ့ ဘရော်နီကာ ပုံရိုက်နှိပ်ထားတဲ့ အင်္ကျီတွေကို ဝယ်ယူအားပေးနိုင်ပြီး ရရှိတဲ့ ငွေတွေကို စစ်ဘေးရှောင်တွေကို လှူဒါန်းသွားမယ်လို့ အသိပေးထားပါတယ်။