close

မအူပင်နည်းပညာတက္ကသိုလ်ကျောင်းသူ မရွှေခြူးဝိုင်းကို စစ်ကောင်စီက ထောင် ၁၀ နှစ်ချ

ဧရာဝတီတိုင်း၊ မအူပင်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မရွှေခြူးဝိုင်းကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဒီဇင်ဘာ ၃၀ ရက်မှာ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းက သိရပါတယ်။

ဗကသအဖွဲ့ချုပ်ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မရွှေခြူးဝိုင်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်ထဲမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး ထောင်တွင်းတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မရွှေခြူးဝိုင်းနဲ့ နီးစပ်တဲ့ အမျိုးသမီးတဦးက‌ “သူက ဗကသအဖွဲ့ချုပ်ရဲ့ သတင်းနဲ့ပြန်ကြားတာဝန်ခံဆိုတော့ အဲ့ဒါကြောင့်ပဲ ခုလိုမျိုး မတရားရ အပြစ်ဒဏ်တွေ အမိန့်ချခံရတာထင်ပါတယ်။ ၅၀(ည) နဲ့ ချလိုက်တာလို့တော့ သိရတယ်” လို့ ပြောပါတယ်။

မအူပင်မြို့မှာ စစ်ကောင်စီတပ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေကို မကြာခဏဆိုသလို စွပ်စွဲဖမ်းဆီးတာတွေ ပြုလုပ်လေ့ရှိပြီး ငွေတောင်းမရရင် ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ဒဏ်ချလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up