ဘုတလင်တွင် သက်ကြီးရွယ်အို ၂ ဦးနှင့် လူငယ် ၁ ဦးကို စစ်တပ်က သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွှေတောင်ရွာက အသက် ၇၀ ကျော် အဘိုး အဘွား နှစ်ယောက်နဲ့ အသက် ၃၀ အရွယ် လူငယ်တယောက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂ ရက် ဒီမနက် ၉ နာရီက သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရွှေတောင်ရွာကို လာရောက်ခဲ့တဲ့ စစ်တပ်ဟာ ဘုတလင်မြို့ပေါ်ကနေ လာရောက်ပြီး သတ်ဖြတ်ခဲ့တာလို့လည်း သိရပါတယ်။
ဒေသခံရွာသားတဦးက “မနက်ခင်းက ဘုတလင်ကနေ အင်အား ၆၅ ယောက်နဲ့ စစ်ကြောင်းစထိုးလာတယ်။ ရွာရှည်ရွာကို အရင်ဝင်ပြီး စာသင်ကျောင်းထဲဝင်တယ်။ အဲရွာကနေ ကျနော်တို့ ရွှေတောင်ရွာကို ဝင်ပြီး အိမ် ၁၀ အိမ်ကို မီးရှို့တယ်။ အဘိုး အဘွား နှစ်ဦးကိုလည်း မီးရှို့ပြီး သတ်ထားခဲ့ကြတယ်ဗျ။ နောက်ပြီး အသက် ၃၀ အရွယ် ငမှေးကိုလည်း သတ်ထားခဲ့ကြတယ်။ ဘာလို့သတ်တာလဲဆိုတော့ အသက် ၃၀ အရွယ်ကတော့ ဘောင်းဘီရှည်ဝတ်လို့သတ်တာ ဖြစ်နိုင်တယ်လို့တော့ ပြောတာပဲ။ ဆောင်းရာသီဆိုတော့ ဘောင်းဘီရှည်ကတော့ ဝတ်ကြတာပဲ။ ကွမ်းယာဝယ်နေတာကို ဖမ်းပြီးတော့ ရွာအပြင်ထုတ်ပြီး ပြောင်းခင်းထဲ သတ်ထားခဲ့ကြတယ်” လို့ ပြောပါတယ်။
အဆိုပါ ရွှေတောင်ရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့ပေါ်ကို ပြန်လည်တပ်စွဲ ဝင်ရောက်သွားပါတယ်။
ရွှေတောင်ရွာဟာ ဘုတလင်မြို့နဲ့ အနီးဆုံးရွာတရွာဖြစ်သလို အိမ်ခြေ ၇၀ နီးပါးရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။