ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ အပါအဝင် အရာရှိ ၃ ဦး လုပ်ကြံခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီ ၄ ရက်နေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ပြီး ပြန်လာတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ အပါအဝင် အရာရှိ ၃ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ALP တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။
“ဒီနေ့မနက် စစ်တွေ ဝေသာလီကွင်းမှာ လွတ်လပ်ရေးအခမ်းအနား တက်ရောက်ပြီး အပြန် ရုံးထဲကိုအဝင်မှာ လုပ်ကြံသတ်ဖြတ်ခံရတာ။ ဘယ်အဖွဲ့ကလဲဆိုတာတော့ လက်ရှိမှာ မပြောနိုင်သေးဘူး။ ဘယ်အဖွဲ့ကလဲဆိုတာတော့ မကြာမီ အဖြေက ထွက်လာမှာပါ။”
လုပ်ကြံပစ်သတ်ခံရသူတွေကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ စစ်တွေတာဝန်ခံ တပ်ရင်းမှူး ကျော်စိုးနဲ့ ဗိုလ်သူရိန်ထက်တို့ဖြစ်ကြောင်း ALP တာဝန်ရှိသူတွေဆီက သိရပါတယ်။
အရာရှိ ၃ ဦးဟာ စစ်တွေမြို့ ဝေသာလီအားကစားကွင်းမှာပြုလုပ်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ပြီး ALP ရုံးကိုအပြန် စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဆီတန်းနား ငါးစိုင်းရိုင်းကျောင်းရှေ့ အနီးရှိ ALP ရုံးအဝင်ဝအနီးမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ အချက်ပေါင်းများစွာ အသေပစ်သတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ အရာရှိ ၃ ဦးကို စစ်တွေပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်ယူ စစ်ဆေးနေပြီး စစ်တွေမြို့တွင်းမှာလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။