တရုတ်နိုင်ငံအတွက် အီးယူက ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့မည်

တရုတ်အစိုးရက ကိုဗစ်မူဝါဒတွေကို ဖြေလျှော့လိုက်ပြီးတဲ့နောက် ဗိုင်းရပ်စ်ကူးစက်မှု တိုးမြင့်လာတဲ့အတွက် ဥရောပသမဂ္ဂ (အီးယူ) ဟာ တရုတ်နိုင်ငံကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အခမဲ့ထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့တယ်လို့ အီးယူ အမှုဆောင်အရာရှိက ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။
ကမ်းလှမ်းချက်ကို တရုတ်နိုင်ငံက မတုံ့ပြန်သေးဘူးလို့ ဥရောပကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပုံမှန်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
အီးယူကပေးနေတဲ့ ကာကွယ်ဆေးပမာဏ ဒါမှမဟုတ် သူတို့ရဲ့ ထုတ်လုပ်မှုပမာဏကို သူက မသတ်မှတ်ထားပါဘူး။
တရုတ်အစိုးရက အီးယူရဲ့ကမ်းလှမ်းချက်ကို လက်ခံမလားလို့ မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က တိုက်ရိုက်မတုံ့ပြန်ဘဲ ရှောင်လွှဲခဲ့ပြီး တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှုန်းနဲ့ ကုသရေးစွမ်းရည်မှာ ဆက်လက်မြင့်တက်နေပြီး ထောက်ပံ့မှုက လုံလောက်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ ကူးစက်ရောဂါစိန်ခေါ်မှုတွေကို ပိုကောင်းကောင်းပြည့်မီနိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ “စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ လမ်းဖွင့်ထားတယ်၊ ကာကွယ်ဆေးထိုးချင်သူတိုင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တယ်” လို့လည်း သူက ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ သူ့လူဦးရေအတွက် အနောက်တိုင်းရဲ့ mRNA နည်းပညာကို အခြေမခံထားတဲ့ တရုတ်နိုင်ငံလုပ် ကာကွယ်ဆေးတွေကိုသာ သုံးဖို့ အခိုင်အမာ တောင်းဆိုထားတာပါ။
တရုတ်နိုင်ငံကနေလာမယ့် ခရီးသည်တွေနဲ့ ပတ်သက်ပြီး အီးယူအနေနဲ့ ညှိနှိုင်းချဉ်းကပ်မှုကို ချိန်ဆကြမယ့် တွေ့ဆုံပွဲကို အီးယူအစိုးရကိုယ်စားလှယ်တွေ ဗုဒ္ဓဟူးနေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေမှာရှိတဲ့ ကိုဗစ်အခြေအနေတွေကို ဆွေးနွေးဖို့ အီးယူ ကျန်းမာရေး ကျွမ်းကျင်သူတွေက တရက်ကြိုတင်ပြီး အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။