close

ဆန္ဒပြပွဲများကို ထောက်ပံ့မှုဖြင့် ဘယ်လာရုစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တရားရင်ဆိုင်နေရ

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အားလက်စ် ဘီယဲလီယက်စကီးဟာ ဇန်နဝါရီ ၅ ရက်က ဘယ်လာရုစ်နိုင်ငံမှာ ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရနိုင်တဲ့အမှုနဲ့ တရားရင်ဆိုင်ခဲ့ပါတယ်။

Viasna လူ့အခွင့်အရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူ အသက် ၆၀ အရွယ် နိုဘယ်လ်ဆုရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ ဘယ်လာရုစ် နိုင်ငံသားတွေထဲက တဦးဖြစ်ပါတယ်။

မနှစ် အောက်တိုဘာလမှာ ရုရှားလူ့အခွင့်အရေးအဖွဲ့ မန်မိုရီရယ်နဲ့ ယူကရိန်း ပြည်သူ့လွတ်လပ်ရေးစင်တာတို့နဲ့အတူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိခဲ့တဲ့ ဘီယဲလီယက်စကီးဟာ ၂၀၂၁ ခုနှစ်မှာ Viasna လူ့အခွင့်အရေးအဖွဲ့က လုပ်ဖော်ကိုင်ဘက် နှစ် ဦးနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

သူတို့ ၃ ဦးဟာ ဆန္ဒပြပွဲတွေကို ငွေကြေးထောက်ပံ့မှုအပြင် ငွေကြေးမှောင်ခိုမှုတို့နဲ့အတူ ထောင်ဒဏ် ၇ နှစ်ကနေ ၁၂ နှစ်အထိ ကျခံရနိုင်တဲ့ စွဲဆိုချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဘီယဲလီယက်စကီးက အဲဒီစွပ်စွဲချက်တွေအပေါ် လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသလို သူ့ရဲ့ရှေ့နေကိုလည်း ဒီအမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထုတ်မပြောဖို့ တားမြစ်ထားပါတယ်။

သူ့ရဲ့မိတ်ဆွေတွေကတော့  ဒီအမှုဟာ သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် နိုင်ငံရေးအရ ဒဏ်ခတ်ခံရမှုလို့ ရှုမြင်ကြပါတယ်။

ဘယ်လာရုစ်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ၄ ယောက်မြောက် လူအခွင့်အရေး ကာကွယ်သူ တဦးကိုတော့ အလားတူပြစ်မှုတွေအတွက် မျက်ကွယ်တရားစီရင်မှာ ဖြစ်ပါတယ်။

ဒီတရားခွင်မှာ တရားသူကြီးက ရုရှားဘာသာအစား ဘယ်လာရုစ်ဘာသာနဲ့ ရုံးတင်စစ်ဆေးဖို့ ငြင်းပယ်ခဲ့ပြီး ဘီယဲလီယက်စကီးရဲ့ ဘာသာပြန်တဦး တောင်းဆိုမှုကိုလည်း ပယ်ချခဲ့တယ်လို့ Viasna အဖွဲ့က တွစ်တာလူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက အာဏာရရှိခဲ့တဲ့ သက်တမ်းရှည်ခေါင်းဆောင် အလက်စ်ဆန်းဒါး လူကာရှန်ကိုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရရှိတယ်လို့ အတည်ပြုချိန်မှာပဲ ဆန္ဒပြပွဲအများအပြား ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး Viasna လူအခွင့်အရေးအဖွဲ့က လက်ရှိ ရာနဲ့ချီပြီး ထောင်ကျနေတဲ့ ဘယ်လာရုစ်နိုင်ငံသားတွေအတွက် ဥပဒေကြောင်းအရရော ဘဏ္ဍာရေးအရပါ ထောက်ပံ့ခဲ့ပြီး ဦးဆောင်မှုကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

လူ့အခွင့်အရေးကာကွယ်သူ မိတ်ဘက်တွေက ဘီယဲလီယက်စကီးနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို “နိုင်ငံရေးအကျဉ်းသားတွေ” အဖြစ် သတ်မှတ်ခဲ့ပြီး ဘယ်လာရုစ် အကျဉ်းထောင်တွေမှာလည်း နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ဝန်းကျင်အထိ ရှိနေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ အားပေးထောက်ခံသူတွေက ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up