အမေရိကန်နှင့် ဂျာမနီက ယူကရိန်းအတွက် ကျည်ကာတိုက်ခိုက်ရေးယာဉ်များ ပေးပို့

အမေရိကန်နဲ့ ဂျာမနီနိုင်ငံ ခေါင်းဆောင်တွေဟာ ယူကရိန်းအတွက် ကျည်ကာတိုက်ခိုက်ရေးယာဉ်တွေ ပို့ဆောင်နေပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒီတပတ်အစောပိုင်းတုန်းက ယူကရိန်းအနေနဲ့ ရုရှားတပ်ဖွဲ့တွေကို တွန်းလှန်နိုင်ဖို့အတွက် ပြင်သစ်နိုင်ငံက အလားတူ စစ်ရေးဆိုင်ရာထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျာမနီအဓိပတိ အိုလက်ဖ်ရှို့လ်ဇ်တို့ရဲ့ ဖုန်းခေါ်ဆိုမှုအပြီး ပူးတွဲထုတ်ပြန်ချက်ထဲမှာ အမေရိကန်က ဘရက်ဒလေ မြေပြင်တိုက်ခိုက်ရေးယာဉ်တွေကို ယူကရိန်းအတွက် ထောက်ပံ့ပေးမှာဖြစ်သလို ဂျာမနီကလည်း မာဒါ မြေပြင်တိုက်ခိုက်ရေး ယာဉ်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ပါဝင်ပါတယ်။
ယူကရိန်းစစ်သားတွေကို အသုံးပြုနည်းတွေ လေ့ကျင့်ပေးဖို့ နှစ်နိုင်ငံစလုံးက သဘောတူထားပြီး ဂျာမနီကတော့ ပက်ထရီးေယာ့ဒုံးကျည် ဘက်ထရီကိုပါ ယူကရိန်းအတွက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
“သမ္မတဘိုင်ဒင်နဲ့ အဓိပတိ ရှို့လ်ဇ်တို့ဟာ ယူကရိန်းအတွက် မဖြစ်မနေလိုအပ်တဲ့ ငွေကြေးဆိုင်ရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ စစ်ရေးဆိုင်ရာနဲ့ သံတမန်ရေးရာ အရ အကူအညီတွေကို လိုအပ်သမျှကာလပတ်လုံး ဆက်ထောက်ပံ့ပေးသွားဖို့ ဘုံသန္နိဋ္ဌာန် ချမှတ်ခဲ့ကြောင်း” ပူးတွဲထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။
ပြင်သစ်က အပေါ့စား AMX-10 RC သံချပ်ကာတိုက်ပွဲဝင်ယာဉ်တွေ စေလွှတ်လိုက်ပြီလို့ ကြေညာပြီးနောက်မှာပဲ ၃ ဖွဲ့ ပေါင်းစည်းထားတဲ့ ရှို့လ်ဇ်ရဲ့ ညွန့်ပေါင်းအစိုးရအတွင်း ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့ပေးဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်လာရတာကြောင့် ဒီဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။
ရှို့လ်ဇ်ဟာ တခြားဥရောပအင်အားကြီးနိုင်ငံတွေအတိုင်း ရုရှားနဲ့ တိုက်ရိုက်ပဋိပက္ခဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် ယူကရိန်းကို အင်အားကြီးလက်နက်တွေ ထောက်ပံ့ပေးဖို့ရာ တခါတလေ တွန့်ဆုတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ရှို့လ်ဇ်အစိုးရက ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ကာ ရုရှားကျူးကျော်မှု စတင်ကတည်းက လက်နက်နဲ့ တခြားအကူအညီတွေကို ယူကရိန်းအတွက် ပေးပို့ခဲ့ပါတယ်။
ယူကရိန်းအတွက် အင်အားကြီးလက်နက်တွေ ပေးပို့ရာမှာ ဂျာမနီအနေနဲ့ တနိုင်ငံတည်း မသွားလိုဘဲ နေတိုးမိတ်ဘက် အဖွဲ့ဝင်တွေနဲ့အတူ ဒီပေးပို့မှုတွေကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ရှို့လ်ဇ်က ခပ်ရှင်းရှင်း ပြောထားပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘဲရ်ဘော့ခ်ရဲ့ လန်ဒန်ခရီးစဉ်မှာလည်း ယူကရိန်းအနေနဲ့ ခုခံကာကွယ်ဖို့သာမက ရုရှား သိမ်းပိုက်နယ်မြေတွေ လွတ်မြောက်ရေးအတွက် လိုအပ်တဲ့လက်နက်တွေကို ယူကရိန်းအတွက် ပေးအပ်မှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။