မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်ဆီးမှုအတွင်း သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း မက္ကဆီကို သမ္မတပြော

မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင် အိုဗစ်ဒီယို ဂုဇ်မန်းကို ဖမ်းဆီးမှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူ အားလုံးအတွက် နှမြောတသ စိတ်မကောင်းဖြစ်ရကြောင်း မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနူယလ် လိုပက်ဇ် အိုဘရာဒေါက ဇန်နဝါရီ ၆ ရက်က ပြောကြားလိုက်ပါတယ်။
နိုင်ငံမြောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ ဂုဇ်မန်းကို ဖမ်းဆီးမှုအတွင်း သံသယရှိ ဂိုဏ်းဝင် ၁၉ ဦးနဲ့ စစ်ဘက်အရာရှိ ၁၀ ဦး သေဆုံးခဲ့ကြောင်း မက္ကဆီကိုအာဏာပိုင်တွေက ဇန်နဝါရီ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။
တချိန်က ဂိုဏ်းဘုရင် အလ်ချာပို ဦးဆောင်ခဲ့တဲ့ အင်အားကြီး ဆီနာလိုအာကာတလ်ဂိုဏ်းကို ဖမ်းဆီးမှုကြောင့် လူဆိုးဂိုဏ်းဟာ ဆီနာလိုအာရဲ့ မြို့တော် ကူလီယာကန်အတွင်းနဲ့ အနီးဝန်းကျင်မှာ ရမ်းကားသောင်းကျန်းမှုတွေ၊ မော်တော်ယာဉ်တွေကို မီးရှို့ပြီး လမ်းတွေကိုပိတ်ဆို့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြတာပါ။
မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆဲလို အဘ်ရာ့ဒ်က တရားခံလွှဲပြောင်းရေး ဥပဒေအရ မက္ကဆီကို အစိုးရအနေနဲ့ လာမယ့် ၄ ပတ် သို့မဟုတ် ၆ ပတ်အတွင်း တရားခံကို သက်သေ အထောက်အထားနဲ့ သက်သေပြနိုင်ဖို့ မျှော်လင့်ကြောင်း ရှင်းပြပါတယ်။
ဂုဇ်မန်းကို တရားခံလွှဲပြောင်းပေးဖို့ အမေရိကန်က နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့တာပါ။ ဂုဇ်မန်း ကို ဖမ်းဆီးတာနဲ့ ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ သတင်းအချက်အလက်တွေအတွက် ဆုကြေးဒေါ်လာ ၅ သန်းပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၂၁ ခုနှစ်က ကြေညာထားပါတယ်။
"The Mouse"- ကြွက် လို့ နာမည်ပြောင်နဲ့ လူသိများတဲ့ ဂုဇ်မန်း ကို ကိုကင်း၊ စိတ်ကြွဆေးနဲ့ ဆေးခြောက်တို့ကို အမေရိကန်နိုင်ငံထဲ ပို့ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်မှာ တရားစွဲဆိုထားတာပါ။
ဂုဇ်မန်းဟာ တစ်လကို မူးယစ်ဆေးဝါး ပေါင် ၃၀၀၀ ကနေ ၅၀၀၀ အထိ ထုတ်လုပ် ထွက်ရှိဖို့ ဆီနာလိုအာရှိ စိတ်ကြွဆေး ဓာတ်ခွဲခန်းတွေကို ကြီးကြပ်တာဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဒါ့အပြင် သူ့မင်္ဂလာဆောင်မှာ ဖျော်ဖြေဖို့ ငြင်းဆိုခဲ့တဲ့ နာမည်ကြီး မက္ကဆီကို အဆိုတော်တစ်ဦး အပါအဝင် လူသတ်မှု အများအပြားကို အမိန့်ပေးခဲ့တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဘိန်းဖြူထက် အဆ ၅၀ အထိ အားကောင်းပြီး မော်ဖင်းထက် အဆ ၁၀၀ ပိုပြင်းတဲ့ opioid fentanyl ဓာတုဆေးဝါးတွေဟာ ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှု စံချိန်တင်နေတဲ့ အမေရိကန်ပြည်ထောင်စုထဲကို တဟုန်တိုး စီးဝင်နေတာကြောင့် အမေရိကန်က ဂုဇ်မန်းကို လက်ရဖမ်းဆီးချင်နေတာပါ။