close

ထားဝယ် ထီးခီးကားလမ်းတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က နေအိမ်များကို မီးရှို့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အရှေ့တောဒေသ၊ ထားဝယ် ထီးခီကားလမ်းပိုင်းက ရွာတွေ ဖြစ်တဲ့ သင်္ကန်းတုံးနဲ့ ဝကုန်းရွာက အိမ်တွေနဲ့လမ်းဘေးဝဲယာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်တွေမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေ ဆီကသိရပါတယ်။ 

“သူတို့(စစ်ကောင်စီ) တိုက်ပွဲကနေပြန်ဆုတ်တာ လိုက်မရအောင်လို့ မီးရှို့ခဲတာ။ အိမ်တွေတွင်မဟုတ်ဘူး၊ လမ်းဘေးဝဲယာက အပင်တွေ ခြောက်နေတာတွေပါ မီးရှို့ခဲ့တာ။ ၇ ရက်နေ့က သင်္ကန်းတုံးမှာရှို့တယ် အိမ်တွေမပါသွားဘူး။ ၈ ရက်နေ့က ဝကုန်းမှာ ရှို့ခံရတာတော့ အိမ် ၁၅ လုံးလောက်ပါသွားတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ထားဝယ် ပကဖ PDF၊ LPDF၊KTLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဝကုန်းရွာနဲ့ သင်္ကန်းတုံးရွာအကြား ဗဲ့မတက်နေရာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ပကဖက တိုက်ပွဲသတင်းထုတ်ပြန်ထားပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ တိုက်ပွဲမကြာခဏဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်းက လူနေအိမ်တွေဖောက်ထွင်းတာနဲ့ မီးရှို့တာတွေလုပ်နေတာကြောင့် ထားဝယ် ထီးခီးကားလမ်းတလျှောက်က တချို့ကျေးရွာတွေမှာ လူမနေတော့ဘဲ ထားဝယ်မြို့ပေါ်နဲ့ အခြားဘေးကင်းတဲ့နေရာတွေကို ရွှေ့ပြောင်းနေကြရပါတယ်။

ဇန်နဝါရီ ၆ ရက်ညကလည်း ထားဝယ်အရှေ့တောဒေသ၊ ဟိန္ဒားပြင်ရွာက ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ သက်တော် ၅၀ အရွယ်ရှိ ဦးဝိသုတကို စစ်ကောင်စီတပ်က လူဝတ်လဲပြီး ဖမ်းဆီးသွားခဲ့ပါတယ်။

“ဆရာတော်ကို ဖမ်းသွားတာက ဟုတ်ပါတယ်၊ ဘာအတွက်ကြောင့် အဖမ်းခံရမှန်းတော့မသိသေးဘူး။ အဖမ်းခံရတုန်းက မူးယစ်ဆေးနဲ့လက်နက်တွေ ပါ မိတယ်ဆိုတာက မဟုတ်ပါဘူး” လို့ ဆရာတော်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။ 

တနင်္သာရီတိုင်းမှာ  ကျောင်းထိုင်ဆရာတော် ၃ ပါးထက်မနည်း PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့သိရပါတယ်။

တိုက်ပွဲ ပြင်းထန်နေတဲ့ ထားဝယ် ထီးခီးကားလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ အသုံးပြုပြီး ခရီးမသွားလာကြဖို့ ထားဝယ် ပကဖရဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြ အသိပေးထားပါတယ်။

တနင်္သာရီတိုင်းမှာ ၂၀၂၁ ကနေ ၂၀၂၂ ဒီဇင်ဘာလအထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက နေအိမ်ပေါင်း ၁၈ဝ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တနင်္သာရီအခြေစိုက် Sounther Monitor သုတေသနအဖွဲ့က စာရင်းပြုစုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up