close

မကွေးတိုင်း မြို့နယ် ၂ ခုတွင် စစ်ကောင်စီကားတစီးနှင့်ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၉ ရက်နေ့ မနက်က စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်တပ်ဖောကားတစီးကို မြိုင်မြို့နယ် တွင်းမပျူစခန်းနဲ့ သရက်ကန်ပျူစခန်းကြားမှာ ဇန်နဝါရီ ၉ ရက်နေ့ မနက် ၁၀ နာရီလောက် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်း ၁၀ လုံး၊ ပေပါမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ဖောကား ထိခိုက်ပျက်စီးရပ်တန့်သွားပြီး  အနည်းဆုံး ၆ ယောက်ကနေ ၉ ယောက်အထိ သေဆုံးနိုင်တယ်လို့ အတွင်းသတင်းရရှိတယ်လို့ ဆိုပါတယ်။

တွင်းမရွာ အစပ်မှာ ဇန်နဝါရီ ၇ ရက်နေ့ ညကလည်း ကင်းလှည်နေတဲ့တပ်ဖွဲ့တွေကို မိုင်း ၁၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပေမယ့် Error ဖြစ်သွားလို့ ၃ လုံးသာပေါက်ကွဲခဲ့ပြီး ပျူစောထီးခေါင်းဆောင် ကံထွေးအောင်နဲ့ ရဲတယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မြိုင် ပ.က.ဖ တပ်ရင်း(၁)၊ တပ်ခွဲ(၁) နဲ့ တပ်ခွဲ (၂) ဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီမိုင်းဆွဲ တိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း ဇန်နဝါရီ ၉ ရက် ညနေက ပျူစောထီးရွာတရွာ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး နေအိမ်တလုံး မီးလောင်ကျွမ်းကာ ထိခိုက်ဒဏ်ရာရသူရှိနိုင်တယ်လို့ ပေါက်တောင်ပိုင်း ဒေဝယက္ခတပ်ဖွဲ့က ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း ချောင်းနားရွာသစ် ပျူရွာကို ဇန်ဝါရီ ၉ ရက်နေ့ ညနေ ၆ နာရီလောက်မှာ SPGF နဲ့ပူးပေါင်းပြီး ၆၀ မမ တာဝေးပစ် ဗုံးသီး ၅ လုံး၊ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ ဒေဝယက္ခတပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်လပြည့်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပျူစောထီးတွေ တပ်စွဲထားတဲ့ နေအိမ်တအိမ် မီးလောင်ကျွမ်းပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေဝယက္ခတပ်ဖွဲ့ရဲ့ Rocket Fighter လက်နက်ထုတ်လုပ်ရေးအဖွဲ့က အကွာအဝေး ၂ မိုင်းအထိ ပစ်ခတ်နိုင်တဲ့ ၆၀ မမ တာဝေးပစ် ပုံပြောင်း ဗုံးသီးတမျိုးကို ထုတ်လုပ်အောင်မြင်ခဲ့ပြီး စစ်ဆင်ရေးတွေမှာ လက်တွေ့ စတင်အသုံးပြုနေပြီလို့ ဗိုလ်လပြည့်က ပြောပါတယ်။

ပျူစောထီးတွေဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ည ၇ နာရီကျော်လောက်မှာ ဒေဝယက္ခတပ်ဖွဲ့ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ကျေးရွာတွေကို  စစ်ကြောင်းထိုး ဝင်ရောက်ပြီးမီးရှို့ ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းအတွင်းမှာ အများဆုံး မရှို့ခံရတဲ့ မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up