close

‘ပါဝင်ဆင်နွှဲ တနင်္သာရီအောင်ပွဲ’ ရန်ပုံငွေရှာ အစီအစဥ်ပြုလုပ်မည်

တနင်္သာရီတိုင်းမှာ တော်လှန်ရေးကို ဒီနှစ်မှာ ရှေ့တဆင့်တက်ဖို့အတွက် “ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ”လို့ အမည်ပေးထားတဲ့ အစီအစဥ်တခုကို တနင်္သာရီစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့နဲ့ ပြည်တွင်းပြည်ပထောက်ပို့ရဲဘော်တွေ ကမကထပြုလုပ်ပြီး ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက်အထိ ကျင်းပသွားဖို့ရှိနေပါတယ်။

တနင်္သာရီစစ်ဒေသအတွက် ဒေါ်လာတစ်သိန်း ရရှိရေး ရန်ပုံငွေရှာမယ့် စီမံကိန်းဖွင့်ပွဲကို အရှင်ထာဝရ(ရွှေဝါရောင်ဆရာတော်)၊ NUG နိုင်ငံတော် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကာကွယ်ရေးဝန်ကြီး  ဦးရည်မွန်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုကာကွယ်ရေးဝန်ကြီး နိုင်ကောင်းရွတ်၊ ဒါရိုက်တာ ကိုပေါက်တို့က အမှာစကားပြောကြဖို့ရှိသလို  တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံဂျူပီတာက စစ်ရေးအခြေအနေကို တင်ပြသွားဖို့ ရှိပါတယ်။

တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က တနင်္သာရီတော်လှန်ရေး ရှေ့တဆင့်တက်ပြီး စစ်အာဏာရှင်စနစ်ကို အပြီးသတ်ဖယ်ရှားမယ့် ခုခံတွန်းလှန်စစ်ဆင်နွှဲရာမှာ အရေးပေါ် လိုအပ်ချက်တွေ ဖြည့်ဆည်းရာမှာ သုံးစွဲဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဟာ ဒီနှစ်ကာလထဲမှာ တိုက်ခိုက်ရေးကာလလို့ သတ်မှတ်ထားတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ စစ်ရေးသတိရှိကြပါ။ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေမှာ မနေကြဖို့၊ ခရီးသွားရင်လည်း စကစယဉ်တန်းတွေနောက်ကနေ ခပ်ခွာခွာနေပေးကြဖို့ ပြည်သူလူထုကို အသိပေးချင်တယ်။” 

ဒီစီမံကိန်းအောင်မြင်ဖို့အတွက် အာရှ၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ငွေကောက်ခံပွဲကို လေးကြိမ်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး သတင်းဌာနတွေနဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာလည်း တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးဟာ အမှတ်-၂ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအောက်မှာ ရှိပြီး စစ်ရေးဌာန၊ ထောက်လှမ်းရေးဌာန၊ စစ်ဆင်ရေးဌာန၊ ထောက်ပို့၊ ပြည်သူ့လုံခြုံရေးနဲ့ သတင်းနဲ့ဝါဒဖြန့်ချိရေးဌာနတို့နဲ့ ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up