close

အွန်လိုင်းတွင် ငွေလိမ်ခံရသော ထိုင်းဆယ်ကျော်သက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်၊ ပတ်သက်သူ ၅ ဦးအား ဖမ်းမိ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ နွန်ထပူရီခရိုင်၊ ပါက်ကလေမြို့နယ်မှာ အွန်လိုင်းပေါ်ကနေ ဘတ်ငွေ ၁၄,၀၀၀ အလိမ်ခံရတဲ့ ၁၅ နှစ်ရွယ် လူငယ် ၁ ဦး စိတ်ဖိစီးမှုဒဏ်မခံနိုင်ဘဲ ဇန်နဝါရီ ၉ ရက်နေ့က သစ်ပင်တပင်အောက်မှာ ဆွဲကြိုးချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်။

မသေခင်မှာ မိဘတွေကို ခွင့်လွှတ်ဖို့ တောင်းပန်ကြောင်း၊ ဖြစ်စဉ်တွေကို သူ့ရဲ့ LINE ထဲမှာ လိမ်ညာသူနဲ့ ပြောထားတဲ့အချက်အလက်တွေ ဝင်ကြည့်နိုင်ကြောင်း၊ သူ့အဖြစ်အပျက်ကို နမူနာယူပြီး နောက်လူတွေ ဆက်အလိမ်မခံရအောင် လူလိမ်ကိုစုံစမ်းပြီး အထိရောက်ဆုံး အရေးယူအပြစ်ပေးဖို့နဲ့ လူလိမ်ဆီကရရှိတဲ့ လျော်ကြေးငွေတွေနဲ့ မိသားစုအတွက် ကောင်းမွန်တဲ့အိမ်တလုံး ဆောက်ဖို့ မှာတမ်းစာတစောင် ရေးသားခဲ့ပါတယ်။

မိဘတွေက အဆိုပါစာကို ရှေ့နေနဲ့ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ပြီးတဲ့နောက် ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ လူလိမ်ဟာ ဂိမ်းဗွီဒီယိုဖိုင် ထုတ်လုပ်ဖြန့်ချိရေး ကုမ္ပဏီဟန်ဆောင်ပြီး ရင်းနှီးမြှုပ်နှံသူတွေ ဖိတ်ခေါ်ခဲ့ကြောင်း၊ ၁၅ နှစ်ရွယ် လူငယ်က ယုံစားပြီး မိခင်ရဲ့ငွေ ဘတ် ၁၄,၀၀၀ ကို လွှဲပေးလိုက်ရာ နောက်ပိုင်းမှာ ဆက်သွယ်မရတော့ဘဲ အလိမ်ခံရမှန်း သိသွားခဲ့တာလို့ ဆိုပါတယ်။

ငွေလွှဲပေးလိုက်တဲ့ ဘဏ်နံပါတ်ကို စုံစမ်းရာမှာတော့ ပထမဆုံး အယုဒ္ဓယခရိုင်က အသက် ၃၂ နှစ်ရွယ် နဖားဖွန်းဆိုသူ အမျိုးသမီးရဲ့ အမည်ပေါက် ဖြစ်နေပါတယ်။

သူက လိမ်သူမဟုတ်ဘဲ ဘဏ်စာရင်း အငှားဖွင့်ပေးသူသာဖြစ်ကြောင်း၊ ဘဏ်စာရင်း အမည်ငှားရမ်းလိုကြောင်း ဖေ့စ်ဘွတ်ခ်ကနေ အဆက်အသွယ်ရပြီး စာရင်း ၁ ခု ဖွင့်ခ ဘတ် ၁၀၀ နဲ့ ၂ ခုဖွင့်ပေးခဲ့ကြောင်း၊ စာရင်းဖွင့်ခ ၁ လကို ဘတ် ၄၀၀ ဘဏ်ကနေလွှဲပေးပြီး ဘယ်သူဘယ်ဝါဆိုတာတော့ မသိရကြောင်း၊ စာရင်းဖွင့်ပြီး အပလီကေးရှင်းနံပါတ် ပို့ပေးလိုက်ရုံနဲ့ တဖက်က ငွေကြေးကို သူ့ဘာသူ စီမံသွားတယ်လို့ ဆိုပါတယ်။

သူ့အမည်စာရင်းနဲ့ ငွေလွှဲပေးလိုက်တဲ့ နောက်စာရင်းတခုကို စုံစမ်းရာမှာလည်း အလားတူ အငှားအမည်စာရင်းဖြစ်နေကြောင်း၊ အဆိုပါငွေကို တဆင့်ပြီးတဆင့် ပြန်လွှဲပေးရာမှာ ၈ ဦးမြောက်မှာ အဆုံးသတ်သွားတယ်လို့ နွန်ထပူရီခရိုင်ရဲမှူးကြီး ဝိဝပ် ခမ်းချမ်းနန်းက ဇန်နဝါရီ ၁၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လူလိမ်ဟာ ၈ ကြိမ် ငွေလွှဲခြင်းကို ၁ မိနစ်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်တဲ့ အထူးကျွမ်းကျင်သူဖြစ်ကြောင်း၊ လောလောဆယ် သံသယရှိ ငွေလွှဲမှုတွေကနေ ဘတ် ၅၀,၀၀၀ ကျော် သိမ်းဆည်းထားကာ အမည်ခံဘဏ်စာရင်းဖွင့်သူ ၅ ဦးကိုလည်း ဖမ်းဆီးပြီး တပါးသူ အသက်အိုးအိမ်ပျက်စီးအောင် ပူးပေါင်းလိမ်လည်မှု၊ အလွဲသုံးစားမှု၊ ကွန်ပြူတာဥပဒေ စတဲ့ပြစ်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။

အဓိကတရားခံမှာ ထိုင်းနိုင်ငံထဲမှာ ရှိမနေဘဲ အိမ်နီးချင်းနိုင်ငံထဲကနေ ညွှန်ကြားနေသလို သူတို့ ဘယ်ကနေ လှုပ်ရှားနေမှန်း မသိနိုင်လောက်အောင် နည်းပညာကျွမ်းကျင်သူ ဖြစ်ကြောင်း၊ ဒါပေမဲ့ ထိုင်းနည်းပညာနဲ့ တက္ကနိုလိုဂျီဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေနဲ့ ၁ ပတ်အတွင်း ဖမ်းဆီးရမိနိုင်အောင် ကြိုးစားသွားမယ်လို့ နွန်ထပူရီခရိုင်ရဲမှူးကြီးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up