close

တောင်တွင်းကြီးတွင် NUG အမှတ် ၉၀၃ တပ်ရင်း တောတွင်းစစ်ရေးလေ့ကျင့် (ဓာတ်ပုံ)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်ဒေသခွဲ၊ စစ်ဒေသ-၃၊ ၉၀၃ တပ်ရင်း (တောင်တွင်းကြီး) က ရဲဘော်တွေ ဇန်နဝါရီ ၇ ရက်ကနေ ၁၁ ရက်အထိ တောတွင်းစစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တယ်လို့ အမှတ် ၉၀၃ တပ်ရင်းကနေ သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး MOD ရဲ့ တပ်ရင်းတခုအဖြစ် အသွင်ကူးပြောင်းကာ NUG အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း စစ်အာဏာရှင်ကို တော်လှန်နေကြတာဖြစ်ပါတယ်။

တော်လှန်ရေးရဲဘော်တွေ လေ့ကျင့်မှုပြည့်ဝအောင် လုပ်ဆောင်တာဖြစ်ပြီး တောင်တွင်းကြီးမြို့မှာ မြို့ပြတိုက်ပွဲတွေ ပြန်လည်ဖော်ဆောင်ကာ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိအောင် ကြိုးစားနေတယ်လို့ အမှတ် ၉၀၃ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ခမောက်က ဒီဗွီဘီကို ပြောပါတယ်။

နောက်ပိုင်းမှာလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ တောတွင်းစစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်သလို စစ်ရေးလှုပ်ရှားမှုတွေလည်း ပူးတွဲလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ လုပ်ဆောင်တဲ့အချိန်မှာ စုဖွဲ့မှုတွေ လျော့သွားတာ မဟုတ်ဘူး။ ကျနော်တို့ ပြန်လည်စုဖွဲ့ပြီး အားကောင်းအောင် ပြန်လုပ်နေကြတယ်။ ကျနော်တို့တွေအနေနဲ့ အင်အားကောင်းလာတာပဲရှိပြီး လျော့သွားတယ်ဆိုတာ မရှိဘူး။ ဖမ်းဆီးခံ၊ ကျဆုံးရဲဘော်တွေကလွဲလို့ ကျန်တဲ့ရဲဘော်တွေက ခေတ္တခဏ နေရာတိမ်းရှောင်ပြီး ပြန်လည်စုစည်းကာ စစ်အာဏာရှင် အမြစ်ပြုတ်တဲ့အထိ ပြန်လည်တိုက်ထုတ်သွားမယ်” လို့ ခမောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်မှာ ရှေ့တိုးလို့လည်းမရသလို နောက်ဆုတ်လို့လည်း မဖြစ်နိုင်တော့ဘဲ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နေရာအစုံမှာလည်း ထိတ်လန့် ချောက်ချားစွာနဲ့ နေထိုင်နေရသလို မြို့ကြီးပြကြီးတွေမှာတောင် လွတ်လွတ်လပ်လပ် သွားလာလို့မရတော့ဘဲ အခက်အခဲ အကျပ်အတည်းဖြစ်အောင် ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကို စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်း အသုံးပြုပြီး ဖမ်းဆီး သတ်ဖြတ် ထောင်ချတာတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ တော်လှန်ရေးရဲဘော်တွေ လုံခြုံစိတ်ချရတဲ့ နေရာတွေကို ခေတ္တရှောင်တိမ်းခဲ့ရပြီး စစ်အာဏာရှင်ကို ဆက်လက် တော်လှန် တိုက်ပွဲဝင်နေကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up