အမေရိကန်တွင် လေဆင်နှာမောင်းတိုက်ခတ်ပြီး လူ ၆ ဦးသေဆုံး

အမေရိကန်နိုင်ငံ၊ အလာဘာမားပြည်နယ် အလယ်ပိုင်းမှာ မိုးကြိုးမုန်တိုင်းတွေနဲ့ လေဆင်နှာမောင်း အနည်းဆုံး ၁ ခု တိုက်ခတ်ခဲ့မှုကြောင့် ဇန်နဝါရီ ၁၂ ရက်က လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆဲလ်မာမြို့မှာလည်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့သလို သစ်ပင်တွေလည်း အမြစ်ကနေ ပြုတ်ထွက်သွားကြတာပါ။
ဒါ့အပြင် လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် လူထောင်ပေါင်းများစွာဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတယ်လို့လည်း ရိုက်တာသတင်းဌာနအရ သိရပါတယ်။
ဒေသခံတဦးကတော့ ဒီလေဆင်နှာမောင်းက သူ့အိမ်ကို ဖြတ်တိုက်သွားခဲ့ပြီး သူကတော့ ရေချိုးကန်ထဲမှာ အကာအကွယ်ယူခဲ့ရကြောင်း ဒေသခံမီဒီယာတွေကို ပြောပါတယ်။
ဂျော်ဂျီယာနဲ့ မစ္စစ္စပီပြည်နယ်တို့မှာပါ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ခံစားခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။