close

အစ္စရေးတွင် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆန္ဒပြ

ရာနဲ့ချီတဲ့ အစ္စရေးရှေ့နေတွေနဲ့ တရားသူကြီးဟောင်းတွေဟာ အစ္စရေး အစိုးရသစ် အဆိုပြုထားပြီး တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချမယ့် တရားစီရင်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဇန်နဝါရီ ၁၂ ရက်က တဲလ်အဗစ်မြို့မှာ ဆန္ဒပြခဲ့ ကြပါတယ်။ အနက်ရောင် ၀တ်စုံတွေကို ဝတ်ဆင်ထားတဲ့ ရှေ့နေတွေဟာ တဲလ်အဗစ် ခရိုင်တရားရုံးရှေ့မှာ ကြွေးကြော်သံတွေကို ရွတ်ဆိုပြီးတော့ ဆန္ဒပြခဲ့ကြတာပါ။ 

“ဒါက တရားရုံးကို နိုင်ငံရေးအသွင်ဆောင်တာဖြစ်ပြီး ဥပဒေအကြံပေးတွေရဲ့ လုပ်ဆောင်ချက် တွေကို နိုင်ငံရေးအရ ဖန်တီးတာမျိုးဖြစ်တယ်”လို့ အစ္စရေးရဲ့ ဒုရှေ့နေချုပ်ဟောင်း ယဟူဒါရှာဖာက ပြောပါတယ်။ 

ဒီအဆိုပြုချက်ဟာ ဒီမိုကရေစီမှာရှိတဲ့ တစ်ခုတည်းသော အပြန်အလှန် ထိန်းကျောင်းမှုကို အမှန်တကယ် ဖယ်ရှားသွားဖို့ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။ 

အစ္စရေးရဲ့ လက်ယာဝါဒီ အစိုးရသစ်ဟာ အစိုးရမူဝါဒအပေါ် တရားစီရင်ရေးကဏ္ဍရဲ့ လွှမ်းမိုးမှုကို ကန့်သတ်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုကို ကြိုးပမ်းနေတာဖြစ်ပြီး ထိပ်တန်းတရားသူကြီးတွေကို ရွေးချယ်ရာမှာလည်း နိုင်ငံရေးသမားတွေကို နေရာပိုပေးတာတွေကြောင့် ဒီမိုကရေစီနဲ့ လူနည်းစုအခွင့်အရေးတွေ ထိခိုက်မှာကို အတိုက်အခံတွေက စိုးရိမ်နေကြပါတယ်။ ဒီအစီအစဉ်ကြောင့် အစ္စရေးကို တုန်လှုပ်စေခဲ့ပြီး ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာတာပါ။

တရားရေးဝန်ကြီး ယာရစ်လီဗင်းကတော့ သူ့ရဲ့ တရားရုံးကို ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတို့အကြား ဟန်ချက်ညီညီ ပြန်လည်ထူထောင်ရေး အဖြစ် ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

တရားရေးဝန်ကြီးရဲ့ ကာကွယ်ပြောဆိုချက်ကို နေတန်ယာဟုရဲ့ အမျိုး၊ဘာသာညွန့်ပေါင်းအဖွဲ့မှ လုပ်ဖော်ကိုင်ဖက်တွေက ကြိုဆိုခဲ့ကြပါတယ်။ 

အစ္စရေးပြည်သူတွေကတော့ လူနည်းစုအခွင့်အရေးအတွက် အကာအကွယ်ကြီးဖြစ်တဲ့ တရားရုံးကို ကာကွယ်တာဖြစ်ပြီး နိုင်ငံရဲ့ အင်ပြည့်အားပြည့် ဒီမိုကရေစီ ပြောင်းလဲသွားမှာကို စိုးရိမ်နေပြီးတော့ တရားရေးပိုင်း ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ကြတာပါ။ 

အစိုးရသစ်က ဆောင်ရွက်ပေးမယ်လို့ ကတိပြုထားတဲ့ တရားရုံးပြုပြင်ပြောင်းလဲရေးနဲ့ တခြားမူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် ထောင်သောင်းချီတဲ့ အစ္စရေးပြည်သူတွေဟာ လာမယ့် ဇန်နဝါရီ ၁၄ ရက် စနေနေ့ ညပိုင်းမှာ တဲလ်အဗစ်ရဲ့ လမ်းတွေပေါ် ထွက်လာကြဖို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up