close

သံဖြူဇရပ်ရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဆက်ဆံရေးရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဆက်ဆံရေးရုံး မနေ့ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီလောက်က ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေးလမ်းခွဲ စစ်ဆေးရေးဂိတ်အနီးရှိ မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ရဲ့ ဆက်ဆံရေးရုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ အဆောက်အဦတချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “သူတို့ဆက်ဆံရေးရုံးက လူအဝင်အထွက်တော့ ရှိတယ်။ ဒီနောက်ပိုင်းမှာ လူလာတာ မတွေ့ရဘူး။ ညကတော့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်။ အဆောက်အဦတချို့တော့ ထိခိုက်ပျက်စီးတာ ရှိတယ်” လို့ ပြောပါတယ်။

ဆက်ဆံရေးရုံး တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်ချမ်းလဝီထံ ဒီဗွီဘီက ၅ ကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ တပ်အင်အား ၂၆၈ ဦး၊ လက်နက်ကြီး လက်နက်ငယ် ၇၂ လက်နဲ့အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။

လက်နက်ချအလင်းဝင်ပြီး ၁၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up