ယူကရိန်းကို လက်နက်ကြီးများ အမြန်ထောက်ပံ့ရန် သမ္မတ ဇလန်းစကီး တိုက်တွန်း

ယူကရိန်းနဲ့ ဥရောပတိုက် လုံခြုံရေးအတွက် အာမခံပေးနိုင်ဖို့ ယူကရိန်းကို နောက်ထပ် လက်နက်တွေ အမြန်ဆုံးထောက်ပံ့ပေးကြဖို့ မဟာမိတ်တွေကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တိုက်တွန်းလိုက်ပါတယ်။
ဇလန်းစကီးဟာ ကိယဗ်မြို့ကို ရောက်ရှိနေတဲ့ ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မစ်ချဲနဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မိန့်ခွန်းပြောနေချိန်အတွင်း မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။
“ရုရှားဖက်ဒရေးနိုင်ငံက ထောင်နဲ့ချီတဲ့ တင့်ကားတွေကို ဆန့်ကျင်တိုက်ခိုက်နိုင်ဖို့က ယူကရိန်းစစ်သားတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ စိတ်အားတက်ကြွမှုနဲ့တင် မလုံလောက်ပါဘူး။ ကျနော်တို့ လက်နက်တွေ လိုအပ်ပါတယ်။ အမြောက်တွေ ခပ်များများ ဒါမှမဟုတ် တင့်ကားတွေ အရေအတွက် လုံလုံလောက်လောက် လိုအပ်နေပါတယ်” လို့ ဇလန်းစကီးက ပြောပါတယ်။
ဆောင်းရာသီအတွင်း ရုရှားတပ်ဖွဲ့တွေ ပြန်စုဖွဲ့သွားနိုင်ပြီး အဓိကတိုက်ခိုက်မှုကြီး ပြန်စလုပ်လာနိုင်အောင် အချိန်ပေးရာရောက်မှာကို ယူကရိန်းက စိုးရိမ်နေတာကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ ဖြန့်ကြက်ထားတဲ့ လဲပါ့ဒ် တိုက်ပွဲဝင်တင့်ကားတွေ ယူကရိန်းက အလိုရှိနေတာပါ။
ဒါပေမဲ့ ဒီတင့်ကားတွေ ယူကရိန်းဆီ လွှဲပေးဖို့က ဂျာမနီရဲ့ခွင့်ပြုချက် လိုအပ်နေပါတယ်။ ဂျာမနီကတော့ ယူကရိန်းကို လက်နက်ထောက်ပံ့မှုမှာ တနိုင်ငံတည်းအနေနဲ့ မလုပ်ချင်ဘူးလို့ ပြောထားပါတယ်။ တကယ်လို့ ဝါရှင်တန်က အေဗရမ်စ်တင့်ကားတွေ စေလွှတ်မယ်ဆိုရင် ဘာလင်ရဲ့ ကန့်ကွက်မှုကို ပြန်ရုပ်သိမ်းသွားမယ်လို့ ဂျာမနီအစိုးရ သတင်းရင်းမြစ်တဦးက ပြောပါတယ်။