ကုလလက်ထောက်အကြီးအကဲနှင့် အာဖဂန် ယာယီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် အမီနာမိုဟာမက်ဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး အာမီရ်ခန် မွတ်တာကီနဲ့ ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
တာလီဘန် အာဏာပိုင်တွေက အမျိုးသမီး NGO ဝန်ထမ်း အများစုကို အလုပ်ရပ်ဆိုင်းဖို့နဲ့ အမျိုးသမီးတွေ တက္ကသိုလ်တက်ရောက်ခွင့်ကို ပိတ်ပင်ဖို့ အမိန့်ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင် ကိစ္စရပ်တွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။
အမီနာမိုဟာမက်ဟာ အာဖဂန်မြို့တော် ကဘူးလ်ကို ရောက်ရှိနေတာဖြစ်ပြီး အာဖဂန်မှာရှိတဲ့ သံတမန်တွေ၊ အာဖဂန်ရွှေ့ပြောင်းအခြေချသူတွေနဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ကို အာဖဂန်နစ္စတန်က လက်ရှိအခြေအနေတွေအကြောင်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
ဒီအစည်းအဝေးတွေရဲ့ တစိတ်တပိုင်းအဖြစ် တူရကီ၊ ကာတာနဲ့ ပါကစ္စတန်နိုင်ငံတို့ကိုလည်း သွားရောက်ဖို့ ရှိနေတာပါ။
ကဘူးလ်မြို့မှာတော့ အမီနာမိုဟာမက်ဟာ ယာယီနိုင်ငံခြားရေးဝန်ကြီး အာမီရ်ခန်း မွတ်တာကီနဲ့ တွေ့ဆုံခဲ့တာလို့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တာလီဘန်အစိုးရကို တရားဝင် အသိအမှတ် မပြုတာ၊ တာဘီဘန်ခေါင်းဆောင်တွေကို ခရီးသွားလာမှု ကန့်သတ်ချက်တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့အရေးယူတာတွေက ပြဿနာတွေ ဖြစ်ပွားစေနိုင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဒါတွေကို ဖြေရှင်းပေးသင့်တယ်လို့ မွတ်တာကီက ဆွေးနွေး ပြောဆိုခဲ့ပါတယ်။
အမျိုးသမီးတွေဟာ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အလုပ်လုပ်ကိုင်နိုင်တယ်လို့လည်း မွတ်တာကီက ပြောသွားပါတယ်။