ဆိုးလ်မြို့တွင် မီးလောင်ပြီး အိမ်ခြေ ၄၀ ခန့်ပျက်စီး

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် အပိုင်နယ်မြေထဲက ချောင်ကျကျ မြို့ကျဉ်းကျဉ်းလေးမှာ ဇန်နဝါရီ ၂၀ ရက်က မီးလောင်မှုဖြစ်ပွားလို့ တောင်ကိုရီးယား မီးသတ်သမားတွေ မီးငြှိမ်းသတ်ခဲ့ကြပြီး အာဏာပိုင်တွေက လူ ၅၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဂန်းနမ်ခရိုင်ထဲက အိမ်ထောင်စု ၆၀၀ လောက် နေထိုင်ကြတဲ့ ဆိုးလ်မြို့တောင်ပိုင်းက ဂူရုန်းကျေးရွာမှာ ဒေသစံတော်ချိန် မနက် ၆ နာရီ ၂၇ မိနစ်က မီးလောင်ကျွမ်းခဲ့တာပါ။
လက်ရှိအချိန်အထိ အိမ်ခြေ ၄၀ လောက် ပျက်စီးသွားတယ်လို့ မီးသတ်အရာရှိတွေက ပြောကြားပြီး မီးငြှိမ်းသတ်ဖို့ မီးသတ်သမား အယောက် ၁၄၀ ကို ခေါ်ယူထားတယ်လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယားအမျိုးသားမီးသတ်အေဂျင်စီက ပေးပို့လာတဲ့ ဗီဒီယိုမှာတော့ ရွာကနေ မီးခိုးလုံးကြီးတွေ ထွက်လာတာတွေနဲ့ မီးလောင်နေတဲ့အိမ်တွေကို မီးသတ်သမားတွေက မီးငြှိမ်းသတ်ဖို့ လုပ်ဆောင်နေကြတာတွေကို မြင်တွေ့ရပါတယ်။
သမ္မတ ယွန်းဆွတ်ခ်ယိုးက အပျက်အစီး အနည်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းကြဖို့နဲ့ ရနိုင်သမျှ မီးသတ်သမားတွေနဲ့ ပစ္စည်းကိရိယာတွေ အားလုံးကို စုစည်းလုပ်ဆောင်ကြဖို့ တောင်းဆိုထားတယ်လို့ သူ့ရဲ့ ပြောခွင့်ရအမျိုးသမီး ကင်မ်ယွန်ဟေးက ပြောပါတယ်။