စပါးအသင်း၏ ခံစစ်ကစားပုံနှင့်ခြေစွမ်းအပေါ် နည်းပြကွန်တေ ဝေဖန်

စပါးအသင်းရဲ့ ခံစစ်ကစားပုံနဲ့ ခြေစွမ်းအပေါ် နည်းပြကွန်တေကပြန်လည်ဝေဖန်လိုက်ပါတယ်။
အာဆင်နယ်၊ မန်စီးတီးအသင်းတို့နဲ့ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့ စပါးဟာ ချန်ပီယံလိဂ်ဝင် ခွင့်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားရဖို့ ရှိနေတာပါ။
နောက်ဆုံး ၁၀ ပွဲမှာ ၂၁ ဂိုးအထိပေးခဲ့ရတဲ့ ခံစစ်ပိုင်းက တန်းဆင်းဇုန်က အသင်းတွေရဲ့ စွမ်းဆောင်ရည်မျိုးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလို ဂိုးမပေးရတဲ့ပွဲစဉ်တွေရှိဖို့ လိုအပ်ကြောင်း နည်းပြ ကွန်တေက ပြောပါတယ်။
“မနှစ်က ဟူဂိုလိုရစ်တစ်ယောက် ဂိုးမပေးရတဲ့ပွဲ ဘယ်လောက်အထိရှိခဲ့သလဲဆိုတာ မှတ်တောင် မမှတ်မိတော့ဘူး။ ဒါပေမဲ့ ဒီနှစ်ရောက်မှ ပွဲတိုင်းကို အနည်းဆုံး ၂ ဂိုးလောက်ပေးနေရတယ်။ ဒါက ကျနော်တို့ရဲ့အခြေအနေမှန်ဖြစ်ပြီး တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေတဲ့ အသင်းတစ်သင်း လိုဖြစ်နေတယ်” လို့ နည်းပြ ကွန်တေကပြောပါတယ်။
လက်ကျန် ၁၈ ပွဲကစားဖို့ ကျန်သေးတာကြောင့် ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ဆက်ပြီး အိပ်မက်မက်ချင်သေးတယ်လို့လည်း နည်းပြကွန်တေက ပြောသွားပါတယ်။