ကစားသမားသစ်မူဒရစ်ခ် အသင်းနှင့်အံဝင်ရန် အချိန်လိုအပ်နိုင်ဟု နည်းပြပေါ်တာ သုံးသပ်

ကစားသမားသစ်မူဒရစ်ခ်ဟာ အသင်းနဲ့ အံဝင်ဖို့ အချိန်လိုအပ်နိုင်ကြောင်း ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကပြောပါတယ်။
အသက် ၂၂ နှစ်ရှိ ယူကရိန်းလက်ရွေးစင် မူဒရစ်ခ်ဟာ ယူကရိန်းကလပ်ရှက်တာဒိုးနက်စ်ကနေ ပေါင် ၈၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ပရီးမီးယားလိဂ်ဟာ မတူညီတဲ့ လိဂ်ပြိုင်ပွဲဖြစ်တာကြောင့် မူဒရစ်ခ်အနေနဲ့ အချိန်တစ်ခုလိုအပ်မှာကို အားလုံးကနားလည်း လက်ခံထားပြီး ကူညီပေးသွားရမှာဖြစ်ကြောင်း နည်းပြပေါ်တာက ပြောပါတယ်။
မူဒရစ်ခ်ဟာ အလားအလာကောင်းတွေအများကြီးရှိတဲ့ လူငယ်ကစားသမားဖြစ်ပေမဲ့ အတွေ့အကြုံရှိပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားလို့လည်း ဂရေဟမ်ပေါ်တာ ချီးကျူးပါတယ်။
ပွဲမကစားရတာကြာပြီဖြစ်ပေမယ့် လေ့ကျင့်ရေးကွင်းမှာ ကောင်းမွန်စွာလုပ်နိုင်ခဲ့လို့ လီဗာပူးနဲ့ပွဲမှာ ပါဝင် ကစားနိုင်ဖွယ်ရှိကြောင်းလည်းပေါ်တာက ဆိုပါတယ်။
မူဒရစ်ခ်ဟာ ရှက်တာဒိုးနက်စ်နဲ့ နိုဝင်ဘာ ၂၃ ရက်မှာကစားခဲ့ပြီးနောက် ပြိုင်ပွဲအဆင့်ပွဲစဉ်တွေ ထပ်မကစားဖြစ်သေးပါဘူး။