close

ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီးဟောင်း အကျဉ်းထောင်မှ ပြန်လွတ်

ဗင်နီဇွဲလားနိုင်ငံက ပြည်ထဲရေးဝန်ကြီးဟောင်း မီဂဲလ်ရိုဒရီဂွက်ဇ်တောရက်စ်ဟာ ၅ နှစ်နီးပါး ထောင်ဒဏ်ကျခံရပြီးနောက် ဇန်နဝါရီ ၂၁ ရက်မှာ တရားရုံးက သူ့ကို အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်ပြီလို့ အရာရှိဟောင်းရဲ့ ဆွေမျိုးဖြစ်သူတွေက အတည်ပြုပါတယ်။

စပိန်နိုင်ငံဆီကို သွားဖို့လည်း တရားရုံးက ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအရာရှိဟောင်းဟာ ၂၀၀၄ ခုနှစ်တုန်းက ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ကြီးတဦးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာမှ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုနဲ့ အဆင်မပြေဖြစ်လို့ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်မှုကို ဖြိုခွဲမှု ကြံစည်ရာမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် သူ့ကို ၂၀၁၈ ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးဟောင်းဟာ ၄ နှစ်နဲ့ ၁ဝ လကြာ မတရားဖမ်းဆီး အကျဉ်းချခံရပြီးနောက် ဇန်နဝါရီ ၂၁ ရက်၊ မနက်အစောပိုင်းမှာ သူ့ကိုလွှတ်ပေးလိုက်ပြီလို့ သမီးဖြစ်သူနဲ့ ဆွေမျိုးတွေရဲ့ ရေးသားထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

ဆွေမျိုးဖြစ်သူတဦးကလည်း ရိုဒရီဂွက်ဇ်တောရက်စ် အနေနဲ့ စပိန်နိုင်ငံကို ပြောင်းရွှေ့မယ်လို့ ပြောပေမဲ့ တခြားအသေးစိတ် အချက်အလက်ကိုတော့ မပြောခဲ့ပါဘူး။

ဗင်နီဇွဲလား အစိုးရရှေ့နေရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုအပေါ် ချက်ချင်း မတုံ့ပြန်ပါဘူး။ ၂၀၁၉ ခုနှစ်တုန်းကလည်း တိုက်ပိတ်အကျဉ်းချခံရလို့ ရိုဒရီဂွက်ဇ် တောရက်စ်က အစာငတ်ခံ ဆန္ဒပြခဲ့ဖူးပါတယ်။

၂၀၁၄ ခုနှစ်၊ အတိုက်အခံ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေချိန်မှာ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ရိုဒရီဂွက်ဇ် ကိုယ်တိုင်ဟာလည်း အကျဉ်းသားတွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး အပြင်းအထန်ဝေဖန်တာ ခံခဲ့ရဖူးပါတယ်။

အဲဒီတုန်းက လက်လွတ်စပယ် ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ အကျဉ်းကျနေစဉ်အတွင်း ရိုက်နှက် နှိပ်စက်မှုတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up