close

ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ကျိုက်ထို ဝင်းကံကျေးရွာကို စစ်တပ်က ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းကို ဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဒရုန်းနဲ့ ၄၀ မမကျည် ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့တာဖြစ်ပြီး မြေပြင်အခြေအနေအရ စစ်ကောင်စီတပ်က အထိအခိုက်ရှိမရှိ သတင်းမထုတ်ပြန်နိုင်ဘူးဆိုပေမဲ့ ဒရုန်းနဲ့ပါ စတင် တိုက်ခိုက်နိုင်ပြီဆိုတာ သတိပေးလိုက်ပါတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဒေသခံတယောက်က “ညနေလောက်က ပေါက်ကွဲသံ ကြားလိုက်ရတာ။ ဘယ်မှာကျသလဲတော့ မသိရဘူး။ ညဘက်တွေမှာက စစ်တပ်က ကင်းပုန်းဝပ်တာကြောင့် သေနတ်ပစ်သံက မကြာခဏဆိုသလို ကြားရတာကြောင့် ညဘက် ဘယ်သူမှ မသွားလာရဲကြဘူး” လို့ ပြောပါတယ်။

ကျောင်းရွာကျေးရွာမှာ ခမရ ၅၉၁ တပ်ရင်း ကျောင်းကြိုပို့ကားကို ပြီးခဲ့တဲ့လတွေက ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာတော့ ကေအန်ယူထိန်းချုပ်နယ်မြေ ဝင်းကံကျေးရွာအုပ်စု၊ ဝင်းကံရွာထဲကို ရွှေကျင်အခြေစိုက် ခလရ ၅၉၈ က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၃ လုံး ပျက်စီးကာ ဒေသခံ ၄,၀၀၀ လောက် ထွက်ပြေးနေရတယ်လို့ ကေအန်ယူဗဟိုက ဇန်နဝါရီ ၂၃ ရက် ညမှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနက် ၉ နာရီခွဲလောက်ကစပြီး ဝင်းကံကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်  ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ရွာထဲကို လက်နက်ကြီးပစ်နေခဲ့တာကြောင့် ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘဲ သက်ကြီးရွယ်အိုတချို့လောက်ပဲ ရွာထဲကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်တာကြောင့် ဝင်းကံကျေးနယ်၊ ဇီးပြောင်းကျေးနယ်၊ ပျဥ်းကတိုးကုန်း ကျေးနယ်နဲ့ ခရွဲကျေးနယ်တွေက ဒေသခံ ၃,၈၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up