ဘောလုံးဆွဲယူမှုအကြောင်း သုတေသနလုပ်ပြီး ဘွဲ့ရခဲ့တဲ့ ဂျပန်တိုက်စစ်မှူးမီတိုမာ

ဘရိုက်တန်အသင်းမှာခြေစွမ်းပြနေတဲ့ ဂျပန်တိုက်စစ်မှူး မီတိုမာဟာ တက္ကသိုလ်ကျောင်းသား ဘဝက ဘောလုံးဆွဲယူမှုအကြောင်းကို သုတေသနပြုလုပ်ပြီး ဘွဲ့ရရှိခဲ့သူလို့သိရပါတယ်။
မီတိုမာဟာ မနေ့ညကကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲစဉ်မှာလည်း ပွဲပြီးခါနီးမှာ အနိုင်ဂိုးသွင်းယူပြီး ဘရိုက်တန်အသင်းကို အက်ဖ်အေဖလားနောက်တစ်ဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။
မီတိုမာဟာ အသက် ၁၈ နှစ်မှာ ကာဝါဆာကီအသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး ချူကူဘာ တက္ကသိုလ်မှာ ကိုယ်ကာယပညာရပ်ကို လေ့လာခဲ့ပါတယ်။
ဘွဲ့ယူတဲ့ သုတေသနစာတမ်းတင်ချိန်မှာတော့ ဘောလုံးဆွဲယူခြင်း အဆင့်အဆင့်ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းတင်ပြီး ဘွဲ့ယူခဲ့တာပါ။
အဲဒီစာတမ်းဟာ စာတွေ့တင်မဟုတ်ဘဲ လက်တွေ့ပါပြသရပြီး မီတိုမာဟာ GoPro ဗီဒီယိုကင်မရာကို သူ့ဦးခေါင်းပေါ်တပ်ဆင်ပြီး ကိုယ်တိုင် ဘောလုံးဆွဲယူမှု လေ့ကျင့်ခန်းတွေ ပြသခဲ့ရတယ်လို့ဆိုပါတယ်။
သူ့ရဲ့စာတမ်းကို တက္ကသိုလ်မှာလည်း သင်ရိုးအဖြစ်ပြန်လည်သင်ကြားရတယ်လို့သိရပါတယ်။ သူဟာ တက္ကသိုလ်အသင်းတွေမှာ ကစားရင်း အသက် ၂၁ နှစ်အရွယ် ၂၀၁၈ ခုနှစ်မှ ကာဝါဆာကီ အသင်းဆီပြောင်းရွှေ့ ကစားခဲ့တာပါ။
အဲဒီနောက် ၂၀၂၁ ခုနှစ်မှာ ဘရိုက်တန်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ဘယ်လ်ဂျီယံကလပ် ယူနီယံစိန့်ဂယ်လွိုက်စ်အသင်းမှာ တစ်ရာသီ အငှားကစားခဲ့ပါသေးတယ်။