ကိုရီးယားကျွန်းဆွယ် လုံခြုံရေး အမေရိကန်နှင့် တောင်ကိုရီးယား ဆွေးနွေး

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ ကြီးထွားလာနေတဲ့ကြားက အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ဇန်နဝါရီ ၃၁ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
အော်စတင်နဲ့ ယွန်းတို့ဟာ ကိုရီးယားကျွန်းဆွယ် လုံခြုံရေးအခြေအနေ၊ နျူးကလီးယားတားဆီးမှု တိုးမြှင့်ရေး၊ ဂျပန်နဲ့ သုံးနိုင်ငံ အမျိုးသားလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို တွန်းလှန်ရာမှာ အထောက်အကူဖြစ်စေဖို့ ထိရောက်ပြီး အစွမ်းထက်တဲ့ တိုးချဲ့တားဆီးမှုစနစ်ကို ဖော်ဆောင်ဖို့ မဟာမိတ်တွေကြား ဆွေးနွေးဖို့လိုတယ်လို့ ယွန်းက အလေးပေးပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အီဂျုံဆော့ဘ်နဲ့လည်း ဇန်နဝါရီ ၃၁ ရက်က တွေ့ဆုံခဲ့ပြီး စစ်ရေးလေ့ကျင့်မှု တိုးချဲ့ရေးနဲ့ နျူးကလီးယား တားဆီးမှုကို မြှင့်တင်ဖို့ ကတိပြုခဲ့ကြပြီး မြောက်ကိုရီးယားရဲ့လက်နက်တွေ ဖွံ့ဖြိုးတိုးတက်မှုကို တန်ပြန်ဖို့နဲ့ စစ်ပွဲကိုတားဆီးဖို့ စီစဉ်နေပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ များလာတဲ့ကြားမှာ အမေရိကန်က သူ့ရဲ့ နျူးကလီးယား ကတိကဝတ်နဲ့ ပတ်သက်ပြီး အဓိက အာရှမဟာမိတ်နိုင်ငံကို အာမခံချက်ပေးဖို့ ကြိုးပမ်းနေချိန်မှာ အော်စတင်က ဆိုးလ်မှာ ဆွေးနွေးပွဲတွေ ပြုလုပ်နေတာပါ။
မြောက်ကိုရီးယားဟာ အမေရိကန်ပြည်မကြီးကို ရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် ICBMs အပါအဝင် မကြုံစဘူး ဒုံးကျည်အရေအတွက်ကို မနှစ်က ပစ်လွှတ်ခဲ့တာပါ။
ကိုရီးယားကာကွယ်ရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ တိုးချဲ့တားဆီးရေး ကတိကဝတ်က အခိုင်အမာ ရပ်တည်နေဆဲဖြစ်ပြီး အဲဒီထဲမှာ သမားရိုးကျ၊ နျူးကလီးယားနဲ့ ဒုံးကျည်ကာကွယ်ရေးစွမ်းရည်တွေ အပါအဝင် အမေရိကန်ရဲ့ ကာကွယ်ရေးစွမ်းရည် အပြည့်အစုံ ပါဝင်ကြောင်း အော်စတင်က ပြောသွားပါတယ်။
ကာကွယ်ရေးဦးစီးချုပ်တွေက သူတို့ဟာ သတင်းအချက်အလက်မျှဝေခြင်းနဲ့ ပူးပေါင်းစီစဉ်ခြင်းတို့ကို မြှင့်တင်ဖို့ သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အခုနှစ် ပေါင်းစပ် စစ်ရေးလေ့ကျင့်မှုရဲ့ အဆင့်နဲ့ အတိုင်းအတာကို ချဲ့ထွင်ဖို့နဲ့ လေယာဉ်တင်သင်္ဘောတွေနဲ့ ဗုံးကြဲလေယာဉ်တွေလို အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေကို ပိုအသုံးချဖို့တွေကိုလည်း ကတိပြုခဲ့ကြပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အီဂျုံဆော့ဘ်က မြောက်ကိုရီးယားရဲ့ နျူးကလီးယား တိုက်ခိုက်မှု အခြေအနေအောက်မှာ ၂ နိုင်ငံဟာ ဖေဖော်ဝါရီလမှာ နျူးကလီးယား စားပွဲဝိုင်း ဆွေးနွေးမှုတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေဟာ မဟာမိတ်တွေရဲ့ ဆွေးနွေးမှုတွေနဲ့အညီ ကျွန်းဆွယ်နဲ့ ဒေသတွင်းမှာ တိုးချဲ့တားဆီးရေး လှုပ်ရှားမှုတွေနဲ့ ယန္တရားတွေကို ချဲ့ထွင်ဖို့ဖြစ်ကြောင်း အော်စတင်က ပြောသွားပါတယ်။