အစိုးရဆန့်ကျင်ဆန္ဒပြပွဲ၌ ဖမ်းခံရသူများကို လွတ်ငြိမ်းခွင့်ပေးပြီးဟု အီရန်ခေါင်းဆောင်ပြော

မကြာသေးမီက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အဖမ်းခံထားရသူတချို့ အပါအဝင် အကျဉ်းသား ထောင်ပေါင်းများစွာကို အီရန် ထိပ်တန်းခေါင်းဆောင်က လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပြီလို့ နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေးနီက အတည်ပြုခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အီရန်မှာ ထိန်းသိမ်းထားတဲ့ နိုင်ငံသား ၂ မျိုး ခံယူထားသူတွေနဲ့ မသက်ဆိုင်ဘူးလို့လည်း ပြောပါတယ်။
အကျင့်ပျက်ခြစားမှုနဲ့ စွပ်စွဲထားတဲ့ ဆန္ဒပြသူတချို့ကို ခွင့်လွှတ်မှာ မဟုတ်ဘဲ သူတို့ထဲက ၄ ယောက်ကို သေဒဏ်ပေးပြီးပြီလို့ အီရန်တရားရေးဌာနကို ကိုးကားပြီး နိုင်ငံပိုင် သတင်း အေဂျင်စီ IRNA က ပြောပါတယ်။
“နိုင်ငံခြားအေဂျင်စီတွေအတွက် သူလျှိုလုပ်ခြင်း” ဒါမှမဟုတ် “အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် ရန်လိုတဲ့ အုပ်စုတွေနဲ့ ဆက်နွှယ်မှု”နဲ့ တရားစွဲဆိုခံရသူတွေနဲ့လည်း ဒီလွတ်ငြိမ်း ချမ်းသာခွင့်က သက်ဆိုင်မှာ မဟုတ်ဘူးလို့လည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
ခါမေနီဆီ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံတဲ့ စာတစ်စောင်ထဲမှာ တရားရေးဌာန အကြီးအကဲ ဂိုလမ်ဟူစိန် မိုဆီနီ အီးဂျေးက “မကြာသေးမီက အဖြစ်အပျက်တွေအတွင်း လူအများအပြား အထူးသဖြင့် လူငယ်တွေဟာ ရန်သူ လှုံ့ဆော်မှုနဲ့ ဝါဒဖြန့်မှုကြောင့် မှားယွင်းတဲ့ လုပ်ရပ်တွေနဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်လို့ ရေးထားပါတယ်။
ကြိုးမိန့် သေဒဏ်စီရင်ချိန်က စပြီး ဆန္ဒပြမှုများ သိသိသာသာ နှေးကွေးလာခဲ့ပါတယ်။