close

ပေကျင်းတွင် ထိုင်ဝမ်စီးပွားရေးကိုယ်စားလှယ်များနှင့် တရုတ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ထိုင်ဝမ်အလုပ်ရုံးဗဟိုကော်မတီနဲ့ ထိုင်ဝမ်ရေးရာ နိုင်ငံတော်ကောင်စီရုံးတို့က ဖေဖော်ဝါရီ ၅ ရက်မှာ တရုတ်မြို့တော် ပေကျင်းမှာ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပခဲ့ပါတယ်။

ထိုင်ဝမ်က စီးပွားရေးကိုယ်စားလှယ် အယောက် ၅၀ ကျော်က အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ရင်း သူတို့ရဲ့ခံစားချက်၊ အတွေးအမြင်တွေနဲ့ လုပ်ငန်းခွင်တွေက အတွေ့အကြုံတွေကို မျှဝေခဲ့ကြပါတယ်။

အခမ်းအနားမှာ CPC ဗဟိုကော်မတီရဲ့ ထိုင်ဝမ်အလုပ်ရုံးနဲ့ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး နှစ်ခုလုံးရဲ့ အကြီးအကဲ စုန့်တောင်က “ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးကလူတွေဟာ တူညီတဲ့ မိသားစုသဟဇာတရှိလို့ ရေလက်ကြားနှစ်ဖက်စလုံး ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနက်ရှိုင်း ခိုင်မာအားကောင်းတဲ့ နည်းလမ်းနဲ့ ဖော်ဆောင်ပေးတဲ့ သဘောတရားကို တရုတ်ပြည်မကြီးက ခိုင်ခိုင်မြဲမြဲ လိုက်နာမယ်”လို့  ပြောပါတယ်။

တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်အာဏာပိုင်တွေဟာ သုံးနှစ်ကြာ ဆိုင်းငံ့ထားပြီးတဲ့နောက် ဖှုကျန်းပြည်နယ် ကမ်းရိုးတန်းဒေသတွေ၊ ထိုင်ဝမ်ဒေသက ကင်းမဲန်းနဲ့ မတ်စုမြို့တွေကြားက သယ်ယူပို့ဆောင်ရေးကို နွေဦးပွဲတော် မတိုင်မီလေးမှာ တစိတ်တပိုင်း ပြန်စခဲ့ပါတယ်။

ဖှုကျန်းပြည်နယ် ရှားမဲန်းမြို့နဲ့ ထိုင်ဝမ်ကျွန်းက ကင်းမဲန်းမြို့ကြား သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေနဲ့ ဖှုကျန်းပြည်နယ်ရဲ့ ဖှုကျိုးမြို့နဲ့ ထိုင်ဝမ်ကျွန်းက ကတ်စုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးကို ပြန်စခဲ့ပြီးတဲ့နောက် ဇန်နဝါရီလကုန်မှာ ခရီးသည်စုစုပေါင်း အယောက် ၃,၂၀၀ ကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်မကြီးလေကြောင်းအာဏာပိုင်တွေက ထိုင်ဝမ်ဘက်ကို နောက်ထပ်စာတစောင်ပေးပို့ခဲ့ပါတယ်။ 

စာထဲမှာ ရေလက်ကြား ဖြတ်ကျော် လေကြောင်းလိုင်းတွေ ပုံမှန်လည်ပတ်နိုင်စေရေး တွန်းအားပေးဖို့နဲ့ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့အပါအဝင် ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်မှာ ရှိတဲ့ လေဆိပ် ၁၆ ခုကို ဆက်သွယ်တဲ့ လေကြောင်းလမ်းကြောင်းတွေ ပြန်လည်စတင်ရေး ဦးစားပေးဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

Up