တူရကီနှင့် ဆီးရီးယားတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူပေါင်း ၁၀,၀၀၀ နီးပါးအထိမြင့်တက်

တူရကီနဲ့ ဆီးရီးယားမှာ လှုပ်ခတ်ခဲ့တဲ့ အင်းအားပြင်းငလျင်ကြောင့် သေဆုံးသူပေါင်း ၁၀,၀၀၀ နီးပါးအထိ မြင့်တက်လာပြီး တူရကီ တောင်ဘက်စွန်းက ဟာတေပြည်နယ်မှာ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ကယ်ဆယ်ရေးသမားတွေဟာ ပြင်းထန်အေးခဲနေတဲ့ ဆောင်းရာသီမှာ ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေထဲကနေ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတူးထုတ်ဆွဲယူ ကယ်ဆယ်နိုင်ဖို့ ကြိုးစားနေပါတယ်။
တူရကီတနိုင်ငံတည်းမှာတင် သေဆုံးသူ ၇,၁၀၀ ကျော်ရှိလာပြီလို့ တူရကီ သဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဆီးရီးယားမှာလည်း သေဆုံးသူ အနည်းဆုံး ၂,၅၀၀ လောက်ရှိလာပြီလို့ ဆီးရီးယားအစိုးရ တာဝန်ရှိသူတွေက ပြောထားပြီး အချိန်နဲ့ အမျှသေဆုံးသူ အရေအတွက်ကလည်း ထပ်တိုးလာနေပါတယ်။
အကြမ်းဖျင်းအားဖြင့် တူရကီနိုင်ငံ အနောက်ဘက်ရှိ အဒါနာပြည်နယ်ကနေ အရှေ့ဘက်ရှိ ဒီယာဘာကီယာ ပြည်နယ်အထိ ၄၅၀ ကီလိုမီတာနဲ့ မြောက်ဘက်ရှိ မလတ်ယာပြည်နယ်ကနေ တောင်ဘက် ဟာတေပြည်နယ်အထိ ၃၀၀ ကီလိုမီတာအကွာလောက် တဝန်းရှိ လူပေါင်း ၁၃ ဒသမ ၅ သန်းလောက် ငလျင်ဒဏ်ကို ထိခိုက်ခံစားခဲ့ရကြောင်း တူရကီအာဏာပိုင်တွေက ပြောပါတယ်။
ဆီးရီးယားအာဏာပိုင်တွေကတော့ ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၂၅၀ ခန့်အကွာ ဟားမားမြို့ တောင်ဘက်အစွန်ဆုံးအထိ သေဆုံးမှုတွေရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က ရစ်ခ်ျတာစကေး ၇ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီး နာရီအနည်းငယ်အကြာမှာပဲ အလားတူလောက် အင်အားပြင်းတဲ့ ဒုတိယငလျင် ထပ်လှုပ်ခဲ့တာကြောင့် တူရကီနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ တိုက်ခန်း ဘလောက်ကွက်တွေ အပါအဝင် အဆောက်အအုံ ထောင်ပေါင်းများစွာ ပြိုလဲကုန်ပြီး လူပေါင်းသောင်းချီ ဒဏ်ရာရကြတဲ့အပြင် မရေမတွက်နိုင်တဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
လမ်းတွေပျက်စီးကုန်ပြီး ရာသီဥတုဆိုးရွားမှု၊ အရင်းအမြစ်တွေနဲ့ စက်ယန္တရားတွေ ချို့တဲ့မှုတွေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ဘေးဒဏ်သင့် အဆိုးရွားဆုံး နယ်မြေတွေဆီကို ရောက်ရှိဖို့ ရုန်းကန်နေရတာပါ။ တချို့နေရာတွေမှာ လောင်စာဆီနဲ့ လျှပ်စစ်မီးလည်း မရှိပါဘူး။