ဆော်ဒီကလပ်အတွက် ရော်နယ်ဒို တပွဲတည်း ၄ ဂိုးသွင်းပြီး ကလပ်သွင်းဂိုးပေါင်း ၅၀၀ ကျော်ရှိလာ

ကမ္ဘာ့ဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိကစားနေတဲ့ ဆော်ဒီပရိုလိဂ်မှာ အယ်လ်နာဆာအသင်းအတွက် ဖေဖော်ဝါရီ ၉ ရက်က ၄ ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ကစားသမားဘဝ ကလပ်သွင်းဂိုး ၅၀ဝ ပြည့် မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသက် ၃၈ နှစ် ပြည့်မြောက်ခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ဟာ အယ်လ် ဝက်ဟဒါ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ မိနစ် ၃၀ အတွင်း ၄ ဂိုးသွင်းနိုင်ခဲ့တာကြောင့် အယ်နာဆာအသင်းက ၄ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မတူညီတဲ့ ထိပ်တန်းဘောလုံးလိဂ် ၅ ခုမှာ ကလပ်အသင်း ၅ သင်းအတွက် ဂိုးပေါင်း ၅၀၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။
သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ၁၀၃ ဂိုး၊ ရီးရဲယ်မက်ဒရစ် အသင်းအတွက် ၃၁၁ ဂိုး၊ ဂျူဗင်တပ်စ်အသင်းအတွက် ၈၁ ဂိုး၊ စပို့တင်းလစ္စဘွန်း အသင်းအတွက် ၃ ဂိုးနဲ့ အယ်လ်နာဆာအသင်းအတွက် လက်ရှိမှာ ၅ ဂိုး သွင်းယူပေးထားနိုင်ပြီ ဖြစ်ပါတယ်။
ဘလွန်းဒီအောဆု ၅ ဆုရှင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ်တနှစ် သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။ တန်ကြေးအားဖြင့် ယူရိုငွေ သန်း ၂၀၀ ကျော် ရှိနိုင်တယ်လို့ သတင်းမီဒီယာတွေ က ခန့်မှန်းထားပြီး ရော်နယ်ဒိုကို အသင်းခေါင်းဆောင်အဖြစ်လည်း ခန့်အပ်ခံခဲ့ရပါတယ်။
အယ်လ်နာဆာအသင်းဟာ လိဂ်ပွဲစဉ် ၁၆ ပွဲ ကစားပြီးချိန်မှာ ဒုတိယနေရာက အယ်လ် ရှာဘက်ဘ် အသင်းနဲ့ ၃၇ မှတ်စီ ရရှိထားပြီး ဂိုးကွာခြားချက်အသာနဲ့ ဆော်ဒီပရိုလိဂ် ဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။