close

ခရိုင်းမီးယားတွင် ယူကရိန်းကလေးငယ် ၆,၀၀၀ ကျော်ကို ရုရှားထိန်းသိမ်းထား

ရုရှားသိမ်းယူထားတဲ့ ခရိုင်းမီးယားဒေသရှိ နေရာတွေမှာ ယူကရိန်းကလေးငယ် ၆,၀၀၀ ထက်မနည်းကို ရုရှားက ထိန်းသိမ်းထားပြီး သူတို့ကို နိုင်ငံရေးအရ ပညာပြန်သင်ကြားပေးတာတွေလုပ်ဖို့ ရည်ရွယ်ပုံရကြောင်း ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်တဲ့ အမေရိကန် ကမကထပြုထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။

ဒီအစီရင်ခံစာဟာ ရုရှားက ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ဆေးနေတဲ့ နိုင်ငံခြားရေးဌာနက ကျောထောက်နောက်ခံပြုထားတဲ့ ပရောဂျက်ရဲ့ တစိတ်တပိုင်းအဖြစ် ယေးလ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကျောင်းရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းမှ နောက်ဆုံးထုတ် အစီရင်ခံစာ ဖြစ်ပါတယ်။

ယေးလ်တက္ကသိုလ်မှ သုတေသီတွေဟာ ယူကရိန်းကလေးငယ်တွေကို ချုပ်နှောင်ထားတဲ့ အနည်းဆုံး စခန်း ၄၃ ခုနဲ့ တခြားအဆောက်အအုံတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒါတွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်လာပြီးကတည်းက မော်စကိုက လုပ်ဆောင်ထားတဲ့ စနစ်တကျနဲ့ အကြီးစားကွန်ရက်ရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း အစီရင်ခံစာမှာ ဆိုပါတယ်။

ကလေးတွေထဲမှာ မိဘရှိသူတွေနဲ့ ရှင်းလင်းတဲ့ မိသားစုအုပ်ထိန်းမှုရှိသူတွေ၊ ရုရှားက မိဘမဲ့ကလေးတွေ၊ ကျူးကျော်မခံရခင်က ယူကရိန်း နိုင်ငံတော်အဖွဲ့အစည်းတွေရဲ့ စောင့်ရှောက်မှု ခံယူနေသူတွေ၊ စစ်ပွဲကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေလားဆိုတာ မသေချာ မရေရာတဲ့သူတွေလည်း ပါဝင်နေတာပါ။

ကလေးတချို့ကို ရုရှားမိသားစုတွေက မွေးစားတဲ့စနစ်နဲ့ ပြောင်းရွှေ့ခဲ့ကြပြီး တချို့ကလည်း ရုရှားမှာ မွေးစားစောင့်ရှောက်မှုဌာနကို ရောက်ရှိသွားပုံပေါ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ရုရှားပရိုဂရမ်မှာ တွေ့ရှိရတဲ့ အငယ်ဆုံးကလေးဟာ ၄ လလောက်သာ ရှိသေးပြီး တချို့စခန်းတွေမှာ အသက် ၁၄ နှစ်အောက် ကလေးတွေကို စစ်ရေးလေ့ကျင့်ပေးနေကြောင်း သုတေသီတဦးဖြစ်တဲ့ နေသန်နီယလ် ရေမွန်က ပြောပါတယ်။

ဒီကလေးတွေကို တိုက်ခိုက်ရေးမှာ တပ်စွဲထားတဲ့ အထောက်အထားတွေကို သုတေသီတွေ မတွေ့ရှိခဲ့ကြောင်းလည်း ဖြည့်စွက်ပြောကြားပါတယ်။

ဝါရှင်တန်ရှိ ရုရှားသံရုံးကတော့ အစီရင်ခံစာအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်းမရှိပါဘူး။

ယူကရိန်း အစိုးရရှေ့နေတွေကတော့ သူတို့ဟာ ရုရှားအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တင်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ ကလေးသူငယ်တွေကို အတင်းအကျပ် နယ်နှင်တာတွေအတွက် စွပ်စွဲချက်တွေကို စစ်ဆေးနေတယ်လို့ ပြောပါတယ်။

Up