အမေရိကန်တွင် တိမ်းမှောက်နေသည့် ရေနံတင်ကားပေါ်မှ အဆိပ်သင့်မီးခိုးများ ထွက်နေ

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ တူဆွန်မြို့နားက ပြည်နယ်အဝေးပြေးလမ်းမကြီးပေါ်မှာ တိမ်းမှောက်နေတဲ့ ရေနံတင်ထရပ်ကားတစီးကနေ အဆိပ်သင့် မီးခိုးတိမ်တွေ ဖေဖော်ဝါရီ ၁၄ ရက်က ထွက်လာခဲ့ပါတယ်။
နာရီပေါင်းများစွာ ပိတ်ထားခဲ့ရတဲ့ ပြည်နယ်အဝေးပြေးလမ်းတလျှောက်က ယာဉ်မောင်းတွေက အဆိပ်အတောက်တွေ၊ အနီရောင်မီးခိုးတွေ ယိုစိမ့်နေတဲ့ အခြေအနေကို ဗီဒီယို ရိုက်ကူးခဲ့တာပါ။
အရီဇိုးနားပြည်နယ် ပြည်သူ့ဘေးကင်းရေးဌာနက အနီးနားမှာရှိတဲ့ နေထိုင်သူတွေ အိမ်ထဲမှာပဲ နေဖို့ တိုက်တွန်းထားပြီး အခင်းဖြစ်ပွားရာ အနီးတဝိုက်မှာ သတိအပြည့်နဲ့ ကယ်ထုတ်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။
တူဆွန် မီးသတ်ဌာနက ကားမှောက်ရာနေရာက အဆိပ်အတောက်တွေနဲ့ မီးလောင်မှုတွေကို ထိန်းချုပ်ဖို့ ကူညီပေးနေတယ်လို့ ပြောခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရမှု အတိုင်းအတာနဲ့ တခြားယာဉ်တွေ ပါဝင်မှု ရှိ၊ မရှိကို ရှင်းလင်းပြောကြားခဲ့တာ မရှိသလို ယာဉ်မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းအရင်း ဒါမှမဟုတ် ဖိတ်စင်မှုရဲ့ အတိုင်းအတာကိုလည်း မသိရသေးပါဘူး။
ဖန်ထည်နဲ့ သတ္တုပစ္စည်းတွေကို ဆေးကြောရာမှာ သုံးတဲ့ နိုက်ထရစ်အက်ဆစ်ဟာ အရေပြားနဲ့ မျက်လုံးတို့ကို ထိခိုက်စေပြီး ရှူမိရင် ပြင်းထန်တဲ့ အဆုတ်ပျက်စီးမှုကို ဖြစ်စေနိုင်တဲ့ အဆိပ်ပြင်းတဲ့ ဓာတုပစ္စည်းဖြစ်တယ်လို့ ဝါရှင်တန်တက္ကသိုလ်က ဆိုပါတယ်။
အိုဟိုင်းယိုးပြည်နယ် အရှေ့ပိုင်းမှာ နော်ဖော့ခ် ဆော့သမ်း ကုန်စည်ပို့ဆောင်ရေး ရထားလမ်းချော်မှု ဖြစ်ပွားပြီး ၁၁ ရက်အကြာမှာ အဆိပ်အတောက်တွေ ယိုဖိတ်မှု ဖြစ်ခဲ့တာပါ။
အဲဒီအချိန်က အရှေ့ပါလက်စတိုင်းမြို့ပေါ်ကို အဆိပ်အတောက်နဲ့ မီးခိုးငွေ့တွေ ပျံ့နှံ့ရောက်ရှိခဲ့လို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။