close

ဂန့်ဂေါတွင် ခရီးသွားပြည်သူ ၂ ဦးကို စစ်တပ်ကဖမ်းဆီး၊ ကလေး PDF တပ်ဖွဲ့ဝင် ၁ ဦး ထောင်ဒဏ် ၅ နှစ်ချခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၇ နာရီလောက်က ခရီးသွားပြည်သူ ၂ ယောက်ကို PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂန့်ဂေါမြို့၊ အမှတ် ၁ ရပ်ကွက်က စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မနေ့မနက်က မန္တလေးမြို့ဘက်ကနေ ဂန့်ဂေါမြို့ဘက်ကို မောင်းနှင်လာတဲ့ ကားတစီးကို စစ်အုပ်စုတွေက တားစီးစစ်ဆေးကာ ကားပေါ်မှာပါလာတဲ့ ကိုကောင်းမင်းနိုင်နဲ့ ကိုအောင်မျိုးထွန်းတို့ကို PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာလို့ ဂန့်ဂေါမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သူတို့ ၂ ယောက်ရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း စစ်အုပ်စုက သိမ်းဆည်းပြီး ဂန့်ဂေါမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့ အမှတ် ၁ ရပ်ကွက်မှာ စစ်အုပ်စုတွေက စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေကို နေ့စဥ် စစ်ဆေးနေကာ မတရား ဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ ပြုလုပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးနေကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၅,၆၈၀ ယောက်ရှိပြီး အဲဒီထဲက ၄,၁၇၉ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၁၄ ရက်မှာ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကလေး PDF တပ်ဖွဲ့ဝင် ကိုအောင်ဖြိုးဝေကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူ‌တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က ကိုအောင်ဖြိုးဝေကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက အကြမ်းဖက်သင်တန်း တက်ရောက်ပြီး အကြမ်းဖက်လုပ်ငန်းတွေမှာ‌ ကိုယ်တိုင်ပါဝင်ခဲ့တာကြောင့် အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) အရ အလုပ်နဲ့ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ကိုအောင်ဖြိုးဝေ ထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး ကလေး PDF ရဲဘော်တဦးက “စစ်ကြောရေးထက်စာရင်တော့ ထောင်ထဲနေရတာကမှ တော်ပါဦးမယ်။ စစ်ကြောရေးကတော့ သူတို့ရိုက်တာ ခံနေရတာကို။ ကိုယ့်ရဲ့ရဲဘော်တွေ အဖမ်းခံရပေမဲ့ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင် တိုက်ပွဲဝင်နေမှာပါ” လို့ ပြောပါတယ်။

ကိုအောင်ဖြိုးဝေကို စစ်ကောင်စီတပ်သားတွေက မနှစ် နိုဝင်ဘာ ၁၄ ရက်က သူ့ရဲ့‌နေအိမ်မှာ ဖမ်းဆီးသွားတာဖြစ်ပြီး တာဝန်သိပြည်သူရဲ့ သတင်းပေးချက်အရ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူ ၁,၀၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့‌ လေ့လာပြုစုချက်အရ နိုင်ငံတဝန်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၅,၆၈၀ ဦးအနက် ၄,၁၇၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

Up