ယူကရိန်းအတွက် တိုက်လေယာဉ်များ ပံ့ပိုးရေး အလားအလာကောင်းဟု ပိုလန်ပြော

ယူကရိန်းနိုင်ငံအတွက် F-16 တိုက်လေယာဉ်တွေ ပံ့ပိုးရေး ဆွေးနွေးပွဲတွေ အသီးအပွင့် ဖြစ်ထွန်းမယ့်အလားအလာရှိပေမဲ့ ဖိအားတော့လိုတယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
“ဒီနယ်ပယ်မှာ ကျနော်တို့ရဲ့ အလားအလာက အကန့်အသတ်ရှိနေတယ်ဆိုတာ သတိထားမိပါတယ်။ ကျနော်တို့မှာ F-16 တိုက်လေယာဉ် ၄၈ စီးပဲရှိတယ်။ ဒါပေမဲ့ မဟာမိတ်တွေမှာ အလားအလာ အများကြီးပိုကောင်းပါတယ်။ ဒီဆွေးနွေးပွဲက အပြုသဘော ဆုံးဖြတ်ချက်တွေနဲ့ အဆုံးသတ်မယ်လို့ ထင်တယ်” လို့ ပိုလန်ဝန်ကြီးက သတင်းထောက်တွေကို ဘရပ်ဆဲလ်မြို့တော်မှာ ပြောခဲ့ပါတယ်။
ရုရှားတပ်တွေက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာရှိတဲ့ ရှေ့တန်းတလျှောက်က ယူကရိန်းတပ်တွေနဲ့ မြို့တွေကို ဗုံးကြဲတိုက်ခိုက်နေချိန် ဖေဖော်ဝါရီ ၁၄ ရက်က နေတိုး ကာကွယ်ရေးဝန်ကြီးတွေဟာ ယူကရိန်းအတွက် အထောက်အပံ့တိုးမြှင့်ဖို့ ကြိုးပမ်းခဲ့ကြတာပါ။
တိုက်လေယာဉ်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေ အပါအဝင် လက်နက်တွေ နောက်ထပ် စစ်ရေးအကူအညီတွေ ပိုမိုရရှိရေး ဆွေးနွေးဖို့ ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံ အများအပြားက ဝန်ကြီးတွေနဲ့ ဘရပ်ဆဲလ်မြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
နေတိုးအဖွဲ့ဝင်တွေဟာ ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ပေးပို့နိုင်မှုအပေါ် အချေအတင် ဆွေးနွေးရမယ်လို့ အစည်းအဝေးမတိုင်မီမှာ နယ်သာလန် ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။
ရုရှားဟာ မော်လ်ဒိုဗာအစိုးရကို ဖြုတ်ချဖို့၊ ဥရောပသမဂ္ဂကို ဝင်မရအောင် ဟန့်တားဖို့နဲ့ ယူကရိန်းစစ်ပွဲမှာ မော်လ်ဒိုဗာနိုင်ငံကို အသုံးချဖို့ ပြည်ပက အဖျက်သမားတွေကို သုံးဖို့ စီစဉ်နေတယ်လို့ မော်လ်ဒိုဗသမ္မတက ပြောခဲ့ပြီး ရုရှားက စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။