close

တရုတ်ကင်းထောက်မိုးပျံပူဖောင်းများ ဂျပန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်မှု လုံးဝလက်မခံ

လူလိုက်ပါမှုမရှိတဲ့ ကင်းထောက်မိုးပျံပူဖောင်းတွေနဲ့ သူတို့ရဲ့လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်မှုကို လုံးဝလက်မခံနိုင်ဘူးလို့ ဂျပန်နိုင်ငံက  တရုတ်ကို ပြောကြားခဲ့ကြောင်း ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇု မတ်ဆူနိုက ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့ ပြောကြားခဲ့ပါတယ်။

အရင်တုန်းက ဂျပန်လေပိုင်နက်မှာ အတည်ပြုထားတဲ့ မိုးပျံပူဖောင်းပုံသဏ္ဌာန် ပျံသန်းနေတဲ့ အရာဝတ္ထုတွေကို အစိုးရရဲ့ ထပ်လောင်းဆန်းစစ်ချက် ရလဒ်အနေနဲ့ အခုမေးခွန်းထုတ်နေကြတဲ့ မိုးပျံပူဖောင်းတွေဟာ တရုတ်နိုင်ငံက မောင်းသူမဲ့ ကင်းထောက် မိုးပျံပူဖောင်းတွေလို့ အခိုင်အမာ ယူဆပါကြောင်း ကက်ဘိနက်အတွင်းဝန်ချုပ် ဟီရိုကာဇု မတ်ဆုနိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းတွေဟာ ဂျပန်ပိုင်နက်အတွင်းကို ၂၀၁၉ ခုနှစ် ကတည်းက အနည်းဆုံး ၃ ကြိမ် ဝင်ရောက်လာတယ်လို့ မလွဲစတမ်း သံသယရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အရင်နေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ အခုလအတွင်း တရုတ်မိုးပျံပူဖောင်းတွေကို ပစ်ချလိုက်ပြီးနောက် အဲဒီအရာဝတ္ထုနဲ့ ပတ်သက်လို့ နိုင်ငံပေါင်း ၄၀ မှ တာဝန်ရှိသူတွေကို ရှင်းလင်းတင်ပြခဲ့ပြီးချိန်ကတည်းက ဂျပန်လေပိုင်နက်ကို အရင်တုန်းက ကျူးကျော်ဝင်ရောက်ခဲ့မှုအပေါ် အာရုံစိုက်မှု မြင့်တက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့ အမေရိကန်အဖွဲ့အစည်းတွေကို တန်ပြန် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အမေရိကန်က တရုတ်မိုးပျံပူဖောင်းကို ပစ်ချခဲ့ပြီး တရုတ်ရဲ့ ကင်းထောက် မိုးပျံပူဖောင်းအစီအစဉ်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီ ၆ ခုကို ပိတ်ဆို့အရေးယူမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပုံမှန်သတင်းစာရှင်းလင်းပွဲရဲ့ အစပိုင်းမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝန်ဘင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

“တရုတ်က အခြေအနေကို အမေရိကန်ကို အကြိမ်ကြိမ် ရှင်းပြခဲ့ပေမဲ့ အမေရိကန်က အင်အားအလွဲသုံးစားလုပ်ပြီး အခြေအနေကို အရှိန်မြင့်လာအောင် အလွန်အကျွံ တုံ့ပြန်လုပ်ဆောင်ခဲ့ပြီးတော့ ဒါကို တရုတ်လုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေကို တရားမဝင် ပိတ်ဆို့အရေးယူဖို့ အကြောင်းပြချက်အဖြစ် အသုံးချခဲ့တာဖြစ်တယ်။ ဒါကို တရုတ်အစိုးရက ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။”

အဲဒီလုပ်ငန်းတွေထဲမှာ အစိုးရပိုင် တရုတ် အီလက်ထရွန်းနစ် နည်းပညာအုပ်စု ကော်ပိုရေးရှင်း ၄၈ ခုမြောက် သုတေသနဌာနအပြင် ရှန်ဟိုင်းစာရင်းဝင် ပေကျင်း-နန်ကျန်း အာကာသနည်းပညာ ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ သက်ဆိုင်ရာ အမေရိကန်အဖွဲ့အစည်းတွေကို တန်ပြန်အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်းနဲ့ တရုတ်ရဲ့ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ တရားဝင်အခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ဝန်ဝန်ဘင်က ပြောပါတယ်။

Up